ယင်းမာပင် – ၂၀၂၃ စက်တင်ဘာ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်းထဲက NUG လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်းရပ်ကျေးပ.အ.ဖဆီက သိရပါတယ်။
ဒီကနေ့ မွန်းလွဲ ၁၂း၃၀ လောက်က မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ ကနီနယ်နဲ့ ယင်းမာပင်အနောက်ခြမ်းတွေကို လှည့်ပတ်ပျံသန်းနေပြီး ကပိုင်ကျေးရွာဆီကို ရောက်လာခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။
“ယင်းမာပင်ခရိုင်တပ်ရင်း ၃၆ ကိုပစ်တာ အသံတွေတအိမ်းအိမ်းနဲ့၊ ရွာပေါ်ကိုပတ်ပတ်လာတာဆိုတော့ ထကြည့်လိုက် ဝပ်လိုက်ပေါ့ဗျာ၊ ပြန်သွားတော့ ကျွန်တော်တို့သွားကြည့်တာ ရဲဘော်တစ်ယောက်လက်မောင်းထိတယ်။အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး” လို့ ရပ်ကျေး ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုကြောင့် စခန်းအဆောက်အအုံတွေပျက်စီးသွားပေမယ့် လူတွေကတော့ ရှောင်ရှားနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
“သတင်းအတိကျရလို့ လာတိုက်ခိုက်တာဖြစ်နိုင်တယ်” လို့ ရပ်ကျေး ပ.အ.ဖ အဖွဲ့က ဆိုပါတယ်။
အခုနှစ် မေလကုန်ကလည်း အာဏာသိမ်းစစ်တပ်ဟာ ကပိုင်ကျေးရွာနားမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ မြေသယ်ဖောကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကားအမှတ်နဲ့ မှားယွင်းပစ်ခတ်သွားခဲ့ပါသေးတယ်။
#Dailynews

