ရန်ကုန်-၂၀၂၃၊ စက်တင်ဘာ ၈ (မော်ကွန်း)
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ဒေသခံတွေကို အကူအညီထောက်ပံ့တွေပေးဖို့ ကုလသမဂ္ဂ (UN) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကောင်စီက ယာယီဖြတ်သန်းသွားလာခွင့်ပေးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဒီနေ့မှာထုတ်ပြန်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက ကျေးရွာ ၁၂ ရွာကို စားနပ်ရိက္ခာအကူအညီတွေ ထောက်ပံ့ပေးနိုင်ခဲ့ တယ်လို့ဖော်ပြပါတယ်။
ဩဂုတ်လအတွင်း UNOCHA ရဲ့အကြီးအကဲ Mr. Martin Griffiths နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ နေပြည်တော်မှာ နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံပြီးနောက် ရခိုင်ပြည်နယ်မှာ တစ်ပတ်တာသွားလာခွင့်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်း စစ်ကောင်စီက ခရီးသွားလာခွင့်ပြန်ပိတ်လိုက်တယ်လို့ဆိုပါတယ်။
“အစကတည်းက နိုင်ငံတကာအကူအညီတွေကို မပိတ်ပင်သင့်ခဲ့ဘူး။ မိုခါမုန်တိုင်း ဖြစ်ပြီးတုန်းကဆို WFP က ပုဏ္ဏားကျွန်းမြို့မှာ ဆန်တွေဂိုဒေါင်လာချသွားတယ်။ ငါးလစာထောက်ပံ့ပေးဖို့ဆိုပြီး။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက ပိတ်ပင်လိုက်တော့ သူတို့အစီအစဉ်တွေ အကုန်လုံးရပ်တန့်ကုန်တာပေါ့။ UN မှမဟုတ်ဘူး တစ်ခြားအဖွဲ့အစည်းတွေကိုလည်း ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ်သွားနိုင်ဖို့ ခွင့်ပြုပေးသင့်တယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်လူမှုကူညီရေးအသင်း တာဝန်ခံကပြောပါတယ်။
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်းခရီးသွားလာခွင့်ကို ဇွန် ၈ ရက်ကတည်းကနေ ယနေ့အချိန်ထိ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
အကူအညီပေးရေးဆောင်ရွက်သူတွေဟာ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ဒေသခံကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူတွေကတစ်ဆင့် ပေးပို့နေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း အကူအညီပေးရေးဆောင်ရွက်နေသူတွေကို အပြန်အလှန်ယုံကြည်မှု ရှိသင့်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကထောက်ပြကြပါတယ်။
“ကျွန်တော်တို့က အကူအညီပေးဖို့သွားတဲ့အခါ စစ်ဆေးရေးဂိတ်တွေမှာ မေးခွန်းပေါင်းများစွာဖြေရတယ်။ အချိန်တွေက မကြာသင့်ပဲကြာတယ်။ နောက်ပြီး အကူအညီပေးတဲ့သူတွေကို ဖမ်းတာဆီးတာတွေလည်းရှိတော့ ကျွန်တော်တို့မှာ စစ်ဆေးရေးဂိတ်တစ်ခါဖြတ်ရင် အတော်လေးစဉ်းစားရတယ်” လို့ မိုခါမုန်တိုင်းဒဏ်သင့်ဒေသခံ တွေကို အကူအညီပေးနေသူတစ်ဦးကပြောပါတယ်။
မေ ၁၄ ရက်မှာ အင်အားအလွန်ကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်းမိုခါဟာ ရခိုပြည်နယ်ကို တိုက်ခတ်သွားပြီးနောက် နေအိမ်ပေါင်း ၂၉၀,၀၀၀ နီးပါးပျက်စီးသွားခဲ့ပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်ခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့အချုပ် ULA က ထုတ်ပြန်ခဲ့ပါတယ်။
မိုခါမုန်တိုင်းဝင်ရောက်ခဲ့အပြီး လေးလနီးပါးကြာမြင့်လာတဲ့အထိ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အသီးသီးမှာ အမိုးအကာအောက်မရောက်နိုင်သေးတဲ့သူတွေ ရှိနေသေးတယ်လို့ UNOCHA ရဲ့စာရင်းတွေမှာဖော်ပြပါတယ်။
အခုချိန်ထိ ရခိုင်စစ်ဘေးဒုက္ခသည် ၅၅,၀၀၀ ကျော်ဟာ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်တယ်လို့ UNOCHA က ဖော်ပြပါတယ်။ စစ်တွေမြို့နယ်အတွင်းက စစ်ရှောင်စခန်းခြောက်ခုနဲ့ ကျေးရွာသုံးခုက ကျန်းမာရေးဆေးခန်းတွေဟာလည်း အခုချိန်ထိ ပြန်လည်မပြုပြင်နိုင်သေးဘူးလို့ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်ဟာ မိုခါမုန်တိုင်းဒဏ်သာမက ဩဂုတ်လအတွင်းက မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတက်လာတာကြောင့် ရေဘေးပါကြုံခဲ့ရပါတယ်။ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တွေက ကျေးရွာအများစုဟာ ရေလွှမ်းမိုးမှုဒဏ်ကို အများဆုံးခံခဲ့ရတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဩဂုတ် ၁၄ မှာ ထုတ်ပြန်ပါတယ်။
ရေဘေးကြောင့် နေအိမ် ၂၈,၀၀၀ ကျော် ရေလွှမ်းမိုးခံလိုက်ရပြီး စပါးဧက ၇၀,၀၀၀ ကျော်ပျက်စီးသွားခဲ့တယ်လို့ ULA က ထုတ်ပြန်ထားပါတယ်။
မုန်သုန်ရာသီ ရေကြီးရေလျှံမှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပဲခူး၊ ကရင်၊ မွန် နဲ့ တနင်္သာရီတိုင်းဒေသကြီး က ဒေသခံ ၈၀,၀၀၀ ကျော်ဟာရေဘေးဒဏ်ကြုံခဲ့ရတယ်လို့ UNOCHA ကထုတ်ပြန်ပါတယ်။
လေဘေးဒဏ်အပြင်ရေဘေးဒဏ်ပါကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်ရဲ့ဝန်ကြီးချုပ် ဦးထိန်လင်းကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အချိန်အတိုအတွင်း လုပ်ဆောင်နိုင်ခဲ့ပြီး ပုံမှန်အခြေအနေတိုင်းပြန်ဖြစ်သွားပြီလို့ နိုင်ငံပိုင်သတင်းစာတွေက တစ်ဆင့်ပြောပါတယ်။
ပုံစာ- ဩဂုတ်လ က UNOCHA အကြီးအကဲ ရခိုင်ပြည်နယ်လာရောက်ခဲ့သည့်မြင်ကွင်း။
ဓာတ်ပုံ- UNOCHA
#Dailynews

