ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် လေးလှရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက် ၉ နာရီဝန်းကျင်ကစလို့ မီးရှို့ဖျက်ဆီးပြီး အဲဒီရွာအနီးက မြိုင်သာယာရွာကိုလည်း မီးရှို့နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မော်ကွန်းကိုပြောပါတယ်။
“အိမ်ခြေဘယ်လောက်ရှို့ခံရတယ်ဆိုတာတော့ မသိရသေးဘူး။ အခုစစ်ကြောင်းက လေးလှရွာနဲ့ကပ်ရပ်က မြိုင်သာယာဆိုတဲ့ရွာမှာဗျ။ အဲဒီရွာကိုလည်း မီးရှို့နေတယ်လို့ကြားရတယ်။ အတည်မပြုနိုင်သေးလို့ ဆက်သွယ်နေတုန်းပဲရှိသေးတယ်” လို့ သူကပြောပါတယ်။
လေးလှရွာကို မီးရှို့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မနေ့က အင်းလည်ကြီးကျေးရွာကနေ ထွက်ခွာလာတဲ့စစ်ကြောင်းဖြစ်ပြီး အင်းလည်ကြီးရွာအနီးက စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလအစောပိုင်းကစပြီး ကန့်ဘလူ၊ ကျွန်းလှနယ်ထဲကကျေးရွာတွေကို ရုတ်တရက်စီးနင်းတာ၊ မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေတာကြောင့် ထွက်ပြေးရတဲ့ ကျေးရွာများလို့ အရေအတွက်အတိအကျကို မသိနိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
“အားလုံးပေါင်းဆို ၁၅ ရွာကျော်မှာ၊ အတိအကျ ကျွန်တော်တို့ မပြောနိုင်သေးတာက အရင်က ၁၄ ရွာ ၁၅ ရွာလောက်ခန့်မှန်းထားတာ။ အခုက လေးလှတို့ မြိုင်သာယာတို့ပါထွက်ပြေးနေရတော့ ရွာပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျပြောဖို့ခက်နေတာ” လို့ ကန့်ဘလူဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာ ထွက်ပြေးရတဲ့ ဒေသခံစစ်ရှောင်ဦးရေဟာ နှစ်သောင်းခွဲကနေ သုံးသောင်းဝန်းကျင်အထိရှိတယ်လို့ သူကခန့်မှန်းပါတယ်။
စစ်ကောင်စီတပ်တွေ ကန့်ဘလူနယ်ထဲကို စစ်ကြောင်းထိုးချိန် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်တာမျိုးမရှိပေမယ့် အနည်းငယ်ထိတွေ့မှုလေးတွေတော့ ရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလ ၄ ရက်နဲ့ ၅ ရက်မှာလည်း ညန်အင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထိန်တော၊ အင်းလည်ကြီး စတဲ့ရွာတွေအနီးက စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ရှစ်သောင်းကျော်မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ခြောက်သောင်းနီးပါး ဖျက်ဆီးခံထားရပါတယ်။
ပုံစာ-ကန့်ဘလူနယ်အတွင်း စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတစ်ရွာ(ပုံဟောင်း)
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
#Dailynews

