ရန်ကုန်-၂၀၂၃၊ စက်တင်ဘာ ၆ (မော်ကွန်း)
စစ်ကောင်စီဦးဆောင်တဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်တွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဝါဒဖြန့်မှုသာဖြစ်ပြီး မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ဒေသခံတွေဟာ အခုချိန်ထိနေရေးထိုင်ရေးအကြပ်အတည်းတွေ ရင်ဆိုင်နေရတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်က စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်ပြီး သံရုံး ၁၆ ခုမှ သံရုံးအကြီးအကဲတွေနဲ့ သံအမတ်တွေဟာ ရခိုင်ပြည်နယ်စစ်တွေမြို့က ပြန်လည်ထူထောင်ရေးနဲ့ မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ထားမှုအခြေအနေတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။
“စစ်ကောင်စီက သံအမတ်တွေကို စစ်တွေမြို့ပေါ်လောက်ပဲခေါပြီးလိုက်ပြတာ။ နယ်ဘက်တွေမှာ အချိန်ထိ အမိုးအကာအောက်မရောက်သေးတဲ့သူတွေ၊ နောက်ပြီး အပျက်အစီးတွေမပြုပြင်ရသေးတာတွေ အများကြီးပါ။ စစ်ကောင်စီက ဝါဒဖြန့်တဲ့ခရီးစဉ်သက်သက်သာဖြစ်တယ်။” လို့ မြောက်ဦးမြို့နယ်အခြေစိုက် အကူအညီပေးရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကတော့ “အခုရောက်ရှိလာတဲ့ သံတမန်တွေက ဒီကအခြေအနေတွေကို သူတို့အံ့ဩသွားကြတယ်။ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တာ တကယ်ဟုတ်ရဲ့လားဆိုပြီး သူတို့အံ့ဩတာတွေ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အချိန်တိုအတွင်းမှာပုံမှန် အနေအထားရောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။” လို့ နိုင်ငံပိုင်သတင်းစာတွေက တစ်ဆင့်ပြောပါတယ်။
မိုခါမုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဦးစားပေးအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လူမှုစီးပွားရေးအတွက် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူကတော့ “စာသင်ကျောင်းတွေ တောင်ဆောက်လို့မပြီးသေးဘူးဗျာ၊ ကျန်တဲ့ဟာဘာပြောမလဲ။ သူတို့ဦးစားပေးတဲ့ပညာရေးတောင်မပြီးသေးတာ ကျန်တာပြန်လည်ထူထောင်ရေးလုပ်ဖို့ဆိုတာ……ပြောရမှာ ကျွန်တော်အောင့်အီးအောင့်သက်ဖြစ်တယ်။” လို့ မှတ်ချက်ပေးပါတယ်။
ပေါက်တောမြို့နယ်အပြင် ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း အခုချိန်ထိ နေအိမ်တွေပြန်မဆောက်နိုင်သေးဘူးလို့ ပုဏ္ဏားကျွန်းမြို့နယ် လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။
“ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာဆိုရင် အခုထိ ဝါးနဲ့တာပေါ်လင်စထိုးပြီး နေနေရတာတွေရှိတယ်။ စရိတ်စခတွေကလည်းကြီးတော့ အခုချိန်သူတို့ရဲ့နေအိမ်တွေကို ပြန်မဆောက်နိုင်ကြသေးဘူး။ အစားအစာအထောက်အပံ့တွေကတော့ ရသင့်သလောက်ရကြတယ်ဆိုပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက ပြီးသင့်သလောက်မပြီးသေးဘူး။ အရင်ပုံမှန်အခြေအနေနဲ့နှိုင်းယှဉ်မယ်ဆို ဆီနဲ့ရေအဆင့်သာရှိပါသေးတယ်။” လို့သူကပြောပါတယ်။
စစ်ကောင်စီက မိုခါမုန်တိုင်းဖြစ်ပြီးလပိုင်းအကြာမှာ ပုဏ္ဏားကျွန်းအပါအဝင် မြို့နယ်တော်တော်များများကို လျှပ်စစ်မီးဖြန့်ဖြူးပေးခဲ့ပေမယ့်အခုချိန်ထိ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တွေရဲ့ကျေးရွာတွေမှာ မီးမရရှိသေးဘူးလို့ သူကပြောပါတယ်။
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ဒေသခံတွေဟာ ပြီးခဲ့တဲ့လကလည်း မိုးအဆက်မပြတ်ရွာတာ၊ မြစ်ရေတက်လာတာကြောင့် လေဘေးအပြင်ရေဘေးပါကြုံခဲ့ရပါတယ်။ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားလို့ ပြန်လည်စုပ်ယူထားတဲ့သောက်သုံးရေကန်တွေဟာလည်း ရေလွှမ်းမိုးတာကြောင့်ထပ်မံပျက်စီးသွားခဲ့ပါတယ်။
ရေလွှမ်းမိုးမှုကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ တောင်ကုတ်မြို့နယ်တွေက နေအိမ်အလုံး ၂၈,၀၀၀ ကျော်ရေလွှမ်းမိုးခံခဲ့ရပြီး စပါးဧက ၇၀,၀၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ဒေသခံတွေဟာစားနပ်ရိက္ခာတွေကူညီကြဖို့ ကမ္ဘာ့နိုင်ငံတွေ၊ အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကအကူအညီတောင်းထားပါတယ်။
သဘာဝဘေးဒဏ်တွေ မကြာခဏကြုံနေတဲ့ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ဇွန်လ ၈ ရက် ကတည်းက အခုချိန်ထိ ပိတ်ပင်ထားဆဲပါ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်နာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲကတော့ စစ်ကောင်စီနဲ့တွေ့ဆုံခဲ့ပေမယ့် သိသာထိရောက်တဲ့ အကျိုးရလာဒ်တွေတော့ မျှော်လင့်လို့ရမှာမဟုတ်ဘူးလို့ ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတွေက သုံးသပ်ထားပါတယ်။
ပုံစာ- စစ်ကောင်စီပြည်ထောင်စုဝန်ကြီးနဲ့ သံတမန်အကြီးအကဲတွေ စစ်တွေမြို့သွားရောက်လေ့လာသည့်မြင်ကွင်း။
ဓာတ်ပုံ-ကြေးမုံ
#Dailynews

