ကျောက်ထု -၂၀၂၁ အောက်တိုဘာ ၄ (မော်ကွန်း)
မကွေးတိုင်းကျောက်ထုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့စစ်ဘေးရှောင်ပြည်သူတွေဟာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ ကျောက်ထုစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ( Kyauk Htu IDPs Management Committee)ရဲ့ ဥက္ကဌ ဦးလောဟာလိန်းကပြောပါတယ်။
“အဓိကကတော့ ကျွန်တော်တို့ကို အခြေခံစားသောက်ကုန်လေးတွေပေါ့လေ အလှူရှင်တွေလှူပေးဖို့ပေါ့။ ကျွန်တော်တို့က လူဦးရေနှစ်ထောင်ကျော်အတွက်ကတော်တော်လေးအခက်အခဲဖြစ်နေတာပေါ့။ အခြေခံစားသောက်ကုန်ရယ်၊ ဆောင်းတွင်းကလည်းပြန်ရောက်လာတော့ အဝတ်အစား၊ အနွေးထည်နဲ့ စောင်ခြင်ထောင်ပေါ့၊ ဒါလေးတွေခက်ခဲဖြစ်နေတာ” လို့သူကပြောပါတယ်။
လက်ရှိအခြေအနေမှာ စစ်ရှောင်စခန်းကို အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေသယ်ဖို့ စစ်ကောင်စီဘက်က ပေါက်ဂိတ်ကနေဖြတ်ခွင့်မပြုတဲ့အတွက် ကျောက်ထုနယ်တစ်ဝိုက်မှာပဲဝယ်နေရပြီး လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေသယ်ယူခွင့်ရဖို့ အောက်တိုဘာ ၃ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေစခန်းကိုလာရောက်စစ်ဆေးစဉ် တောင်းဆိုထားတယ်လို့ ဦးလောဟာလိန်းကဆက်ပြောပါတယ်။
ကျောက်ထုစစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်ပြည်သူပေါင်းနှစ်ထောင်ကျော်ရှိပြီး မင်းတပ်မြို့ပေါ်၊မင်းတပ်အနီးကရွာတချို့နဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်ဝန်းကျင်က ရွာတွေကပြည်သူတွေဖြစ်တယ်လို့သိရပါတယ်။
ဓါတ်ပုံ – ကျောက်ထုစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ
#Dailynews

