ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့မှာ ချင်းတွင်းမြစ်ရေဟာ ရက်သတ္တတစ်ပတ်နီးပါးကြာ မြင့်တက်ခဲ့ပြီးနောက် မြစ်ရေပြန်ကျလာနေပြီလို့ မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ပါတယ်။
ဩဂုတ်လနောက်ဆုံးအပတ်အတွင်း ချင်းတွင်းမြစ်ရေတက်လာလို့ အိမ်ခြေရာနဲ့ချီရေဝင်၊ ရေမြုပ်ခဲ့တဲ့ဖောင်းပြင်မြို့ဟာ ဒီနေ့မှာတော့ ရေပြန်ကျလာနေပြီလို့ ဒေသအတွင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
“အခုတော့ရေကပြန်ကျနေပြီ၊ အစကခါးလောက်ရှိတယ်၊ အခုဒူးလောက်ပြန်ကျလာနေပြီ။ တစ်ချို့မြေနိမ့်ပိုင်းရပ် ကွက်တစ်ချို့မှာတော့ရေတွေကျန်သေးတယ်။”လို့ ဖောင်းပြန်မြို့နယ် လူမှုကူညီရေးအသင်းတာဝန်ခံက ပြောပါ တယ်။
မိုးဇလက ဖောင်းပြင်မြို့မှာချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအောက်ကိုပြန်ကျနေပြီး နောက်တစ်ရက်အတွင်းမှာ စိုးရိမ်ရေအမှတ်အောက် တစ်ပေခွဲခန့်ထပ်ကျသွားဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
မိုးဇလရဲ့ညွှန်ကြားရေးမှူးဦးလှထွန်းကတော့ “ဖောင်းပြင်မြို့မှာရေကြီးရတဲ့အကြောင်းရင်းက မိုးများတာလည်းပါသလို၊ အထက်ဘက် ခန္တီး၊ ဟုမ္မလင်းဘက်ကနေ ရေတွေပြန်ကျလာလို့လည်းပါတယ်။ ဒါပြီးရင် အောက်ဘက်ကိုတစ်ဖြည်းဖြည်းဆင်းသွားမှာ။ မော်လိုက်တို့ကလေးဝတို့မှာ ရေပြန်ကြီးမှာ။ ပြီးရင်တော့ ဧရာဝတီမြစ်ထဲကိုဆင်းပြီး ပင်လယ်ထဲကိုစီးသွားမှာ။” လို့ပြောပါတယ်။
ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့အကြီးဆုံးမြစ်လက်တက်ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဘုရားတွေတည်ရှိတဲ့မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့မှာ ၂၄ နာရီ အတွင်း စိုးရိမ်ရေအမှတ်ကျော်လွန်ဖို့ရှိတယ်လို့ မိုးဇလကဒီနေ့မွန်းလွှဲပိုင်းက ထုတ်ပြန်ပါတယ်။
မိုးဇလဟာ မြစ်ရေတွေရဲ့စိုးရိမ်ရေအမှတ်မရောက်မီသုံးပေအလိုမှာ ကြိုတင်သတိပေးချက်ထုတ်ပြန်ပါတယ်။
စိုးရိမ်ရေအမှတ်သုံးပေအလိုမှာ မြေနိမ့်ပိုင်းရပ်ကွက်တွေရေတွေစဝင်ကာ မြစ်ကမ်းနဘေးနေထိုင်သူတွေ နီးစပ်ရာကယ်ဆယ်ရေးစခန်းတွေကို တိမ်းရှောင်ရမယ်လို့ ဦးလှထွန်းကပြောပါတယ်။
လက်ရှိညောင်ဦးမြို့မှာ မြစ်ကမ်းတစ်လျှောက်ကဒေသခံတွေဟာ ရေဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ ညောင်ဦးလူငယ်ပရဟိတအသင်းတာဝန်ခံက ပြောပါတယ်။
“ညောင်ဦးမှာရေကဒူးလောက်တော့တက်လာပြီ။ မြစ်ကမ်းတစ်လျှောက်ကဒေသခံတွေလည်း သူတို့ရဲ့အသိဆွေမျိုး တွေအိမ်ကိုပြောင်းရွှေ့နေကြပြီ။ ကျွန်တော်တို့လည်း ကူညီပြောင်းရွှေ့ပေးနေတာတွေ လုပ်နေပါတယ်။” လို့ သူကပြောပါတယ်။
မနေ့ကညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေတက်လာလို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက အာန္ဒနာဘုရားနဲ့ရွှေစည်းခုံစေတီတော်တွေထဲကို ရေတွေဝင်ရောက်ခဲ့လို့ မီးသတ်တပ်ဖွဲ့က ရေတွေစုပ်ထုတ်ခဲ့ရပါသေးတယ်။
မြန်မာနိုင်ငံမှာ မုတ်သုန်ရာသီအတွင်း မိုးအဆက်မပြတ်ရွာတာ၊ မြစ်ရေတက်လာတာကြောင့် စစ်ကိုင်း၊ ရခိုင်၊ ပဲခူး၊ ကရင်၊ မွန် နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်နဲ့ ကမ္ဘာ့ကုလသမဂ္ဂ(United Nations) တို့ ပူးပေါင်းကောက်ယူထားတဲ့ ဩဂုတ် ၂၉ အထိ စာရင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်နဲ့ဟုမ္မလင်းမြို့တွေမှာ မိုးအဆက်မပြတ်ရွာတာ၊ မြစ်ရေတက်လာတာကြောင့် လူဦးရေလေးသောင်းနီးပါးဟာ ရေဘေးကြုံခဲ့ရတယ်လို့ထုတ်ပြန်ပါတယ်။
#Dailynews

