ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၃၁ (မော်ကွန်း)
မြန်မာနိုင်ငံမှာ ဒီဇင်ဘာလနှောင်းပိုင်းကစလို့ အပူချိန်လွန်ကဲတဲ့ အစွန်းရောက်သဘာဝဘေး၊ အယ်လ်နီညိုဖြစ်စဉ်ရဲ့သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။
“အယ်လ်နီညိုဟာ လာမယ့်ဒီဇင်ဘာလမှာ အားအကောင်းဆုံးအဆင့်ကိုရောက်လာဖို့ရှိတယ်။ အဲဒီအချိန် မြန်မာနိုင်ငံကိုလည်းသက်ရောက်မှုတွေရှိလာလိမ့်မယ်။ မိုးနည်းတဲ့ဇန်နဝါရီကနေ မတ်လတွေအထိဆက်ဖြစ်နေမယ်ဆိုရင် အပူချိန်လွန်ကဲတာ၊ မိုးခေါင်ရေရှားတာတွေ ဖြစ်လာနိုင်ပါတယ်။ သောက်သုံးရေပြတ်လတ်တာ၊စိုက်ပျိုးမြေတွေထိခိုက်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။”လို့သူကပြောပါတယ်။
အထူးသဖြင့်မွန်၊ ကရင်၊ တနင်္သာရီတိုင်းဒေကြီးတွေမှာနေထိုင်သူတွေက အယ်လ်နီညိုဖြစ်စဉ်နောက်ဆက်တွဲရာသီဥတုကို ခံစားရနိုင်တယ်လို့သူကပြောပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ နှစ်နှစ်ကနေ ငါးနှစ်တစ်ကြိမ်ဖြစ်တတ်ပြီး မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာတွေဖြစ်နိုင်တယ်လို့သူကပြောပါတယ်။
လက်ရှိ အယ်လ်နီညိုဖြစ်စဉ်ဟာ အီကွေတာအနီးကပစိဖိတ်မုဒ္ဒရာမှာ အားအသင့်အတင့်အဆင့်ဖြစ်ပေါ်နေပြီး စက်တင်ဘာလအတွင်းမှာ အားကောင်းတဲ့အဆင့်ဖြစ်လာနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာလည်း အယ်လ်နီညိုဖြစ်စဉ်ကိုလာမယ့်ဒီဇင်ဘာလမှာ ကြုံတွေ့လာရနိုင်တာကြောင့်ရေအရင်းအမြစ်ကိုချွေတာသုံးစွဲတာ၊ ဆည်တွေမှာ ရေသိုလောင်ထားသင့်တယ်လို့ ဦးလှထွန်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၆ ကလည်းအယ်လ်နီညိုဖြစ်စဉ်ကြောင့် ပြင်းထန်တဲ့ရာသီဒဏ်ကိုခံစားခဲ့ရပါတယ်။
#Dailynews

