ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း)
လာမယ့်နှစ် အောက်တိုဘာလ ၁ ရက်က စတင်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ကောက်ယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုသန်းခေါင်စာရင်းကောက်ယူရေး ကော်မရှင် အစည်းအဝေးကို မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ သူက အခုလိုပြောခဲ့တာပါ။
ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အတွင်း ကောက်ယူသွားမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအပြီး ၁၀ နှစ်အကြာမှာ နောက်တစ်ကြိမ်သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ တိကျမှန်ကန်တဲ့လူဦးရေနဲ့ လူမှုစီးပွားအခြေအနေတွေကို ရရှိနိုင်ဖို့ သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူသွားရမယ်လို့ သူက ထည့်သွင်းပြောခဲ့ပါသေးတယ်။
စစ်ကောင်စီအနေနဲ့ လာမယ့် ၂၀၂၄ မှာ သန်းခေါင်စာရင်းကောက်ယူပြီး အဲ့ဒီသန်းခေါင်စာရင်းအပေါ် အခြေခံကာ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပုံဖော်လာတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။
“မဲစာရင်းမှားတာကို သူတို့ကပြန်ပြင်ပေးပြီး ရွေးကောက်ပွဲကျင်းပပေးတယ်ဆိုတဲ့ Narrative ကို ပုံဖော်ဖို့ သန်းခေါင်စာရင်းကို ကောက်ဖို့ ကြိုစားနေတာပေါ့၊ အဲ့ဒီ သန်းခေါင်စာရင်းကောက်မယ့် လုပ်ငန်းစဉ်ကနေ တော်လှန်ရေးရဲဘော်တွေ မိသားစုဝင်တွေနဲ့ CDM ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး ရှာဖွေဖော်ထုတ်လာနိုင်တယ်၊ လူထုအနေနဲ့ အဲ့ဒါကိုတညီတညွတ်တည်း တိုက်ဖျက်ကြဖို့လိုတယ်” လို့ ပြောပါတယ်။
လာမယ့်နှစ်ကောက်ယူမယ့် သန်းခေါင်စာရင်းကို ကွန်ပြူတာအထောက်အကူပြုပြီး တစ်ဦးချင်း ကောက်ယူတဲ့စနစ်ကို အသုံးပြုထားကာ တစ်အိမ်တက်ဆင်း ကောက်ယူသွားမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သန်းခေါင်စာရင်းကောက်ယူမှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ နယ်မြေတည်ငြိမ်မှုအခြေအနေတွေကြောင့် သန်းခေါင်စာရင်းကောက်ယူရာမှာ အခက်အခဲရှိနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ဒေသခံတစ်ဦးကတော့ ” အခုစစ်ကိုင်းမှာဆို ရှေ့ပြေးမဲစာရင်းဆိုပြီး အရင်က လိုက်ကောက်တာရှိတယ်၊ သူတို့ ထိန်းချုပ်နေရာလောက်ပဲ လုပ်နိုင်တာလေ၊ PDF တွေ အားကောင်းတဲ့ ဒေသတွေကို မသွားနိုင်ခဲ့ဘူး၊ လက်ရှိ နယ်မြေအခြေအနေတွေအရတော့ တစ်နိုင်ငံလုံးကောက်နိုင်ဖို့ သိပ်မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
၂၀၁၄ သမ္မတဦးသိန်းစိန်လက်ထက်မှာ ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဟာ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ ငွေကြေးနဲ့ နည်းပညာပံ့ပိုးမှုနဲ့ ကောက်ယူခဲ့တာဖြစ်ပါတယ်။
ပုံစာ – ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံနေမှုမြင်ကွင်း
ဓာတ်ပုံ – UNFPA
#Dailynews

