ကနီ-၂၀၂၃ ဩဂုတ် ၂၂ (မော်ကွန်း)
စစ်ကောင်စီတပ်တွေ အခုလ ၁၈ ရက်က စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့ အနီးနားရွာတွေက ထောင်ချီတဲ့ဒေသခံတွေဟာ စကစစစ်ကြောင်းပြန်ထွက်သွားပြီးငါးရက်ကြာတဲ့အထိ ရွာတွေထဲပြန်မဝင်ရဲဘဲ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကနီဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“စစ်ကြောင်းကလှုပ်နေတာ၊ ပြန်ထိုးမှာစိုးလို့ ရွာထဲတော့ ပြန်ဝင်လို့မရသေးဘူး။ နွားခြံကုန်းရွာကတော့ ပျက်ဆီးဆုံးရှုံးမှုများတယ်။ အိမ်ကော ပစ္စည်းတွေကောပါသွားတယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး၊ လိုက်နေတုန်းပဲမို့” လို့ နွားခြံကုန်းရွာခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ နွားခြံကုန်းရွာမှာ နေအိမ်နှစ်လုံးမီးရှို့ခံထားရပြီး ရွာထဲကနေအိမ်တွေကိုဝင်မွှေကာ ပစ္စည်းတွေလည်း ယူဆောင်ခံထားရတယ်လို့ သူကပြောပါတယ်။
အခုလ ၁၈ ရက်က ရွာမီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က အထိနာခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။
“ရွာထဲကျွန်တော်တို့ပြန်ဝင်တော့ ခွေးအလောင်းတစ်လောင်းတွေ့တယ်။ သူတို့သုံးထားတဲ့ကျည်ခွံတွေလည်းတွေ့တယ်။ သေနတ်မှန်ထားတဲ့ ခွေးအင်္ကျီတစ်ထည်လည်းတွေ့တယ်” လို့ ဒေသခံ ပကဖ အဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။
နွားခြံကုန်းရွာဟာ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ်က ကျေးရွာဖြစ်ပြီး လက်ရှိအချိန်မှာ နွားခြံကုန်းရွာအပါအဝင် ယင်းဘိုး၊ ဘုရားစု၊ ကျွန်းကလေး၊ ဒေါင်းခြံ၊ ပတ်ကြားဝ၊ နတ်လာပို့မြောက်ရွာ စတဲ့ရွာတွေက ဒေသခံထောင်ချီကာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ကိန်းဂဏန်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူ အရေအတွက်ဟာ ၁ ဒဿမ ၆ သန်းနီးပါးရှိလာပြီလို့ ဆိုပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေမီးရှိ့ဖျက်ဆီးခံထားရတဲ့နွားခြံကုန်းရွာ
Photo – Supplied
#Dailynews

