စစ်ကိုင်း – ၂၀၂၃ ဩဂုတ် ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျွန်းဦးတောရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၁၀:၀၀ နာရီ ဝန်းကျင်မှာ မီးရှို့ခဲ့တာကြောင့် ဒေသခံရွာသားတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။
” မိုးရွာနေတာကိုရှို့သွားတယ်၊ မိုးရွာနေတော့အိမ်က မီးမကူးနိုင်ဘူး၊ လေးလုံးလောက်ပဲ လောင်တယ်လို့သိထားရတယ်၊ စစ်ကြောင်းကတော့ ဒီတစ်ဝိုက်ရှိနေတုန်းပဲ၊ လေယာဥ်ကတော့ခေါင်းပေါ်ဝဲနေတယ်
“လို့ ဒေသတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။
စစ်ကိုင်းမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ်၊ တပ်မ ၃၃ ကနေ စစ်သားတွေထွက်လာပြီးနောက် သြဂုတ်လ ၁၇ရက် ညနေပိုင်းမှာ စမွန်းရွာကိုမီးရှို့ခဲ့ကာ ဒီနေ့မှာတော့ စမွန်းရွာနဲ့ကပ်နေတဲ့ ကျွန်းဦးတောရွာကို မီးရှိူ့နေတာလို့ ကျွန်းဦးတောရွာဒေသခံတစ်ဦးက ပြောပါတယ်။
” မိုးရွာထဲလည်းပြေးနေရတယ်၊ နီးစပ်ရာဆွေမျိုးတွေရှိတဲ့နေရာပြေးရတာ၊ စစ်တပ်နဲ့ဝေးရာပြေးကြတာပဲ၊ ဒီအနီးတစ်ဝိုက်ရွာတွေပြေးနေကြတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
ကျွန်းဦးတောရွာက နေအိမ် ၁၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ပြီး ဒေသခံရာချီသာရှောင်နေရကာ စမွန်းရွာကလည်း ရွာကြီးဖြစ်တာကြောင့် ထောင်နဲ့ချီရှောင်နေရတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မြေပြင်မှာလည်း မီးရှို့ပစ်ခတ်နေသလို လေယာဥ်လည်းဝဲနေတာကြောင့် လေကြောင်းအသုံးပြုတိုက်ခိုက်မှာကိုစိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

