ရန်ကုန်-၂၀၂၃၊ဩဂုတ် ၁၆ (မော်ကွန်း)
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) အကြီးအကဲနဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တို့တွေ့ဆုံမှုကနေ ရခိုင်ပြည်နယ်အတွင်းနိုင်ငံတကာအဖွဲ့အစည်းတွေလူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ခရီးသွားလာခွင့်တွေပြန်ခွင့်ပြုပေးလာဖို့ မျှော်လင့်တယ်လို့ဝံလတ်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောပါတယ်။
“မိုခါမုန်တိုင်းအရေးနဲ့ပတ်သက်ပြီး UNOCHA နဲ့သူတို့က ပထမကတွေ့ကြသေးတယ်။ ဒါပေမယ့်စစ်ကောင်စီက ခရီးသွားလာခွင့်တွေပိတ်ခဲ့တယ်။ ကျွန်တော်တို့မျှော်လင့်တာကတော့ ရခိုင်ဒေသမှာ UN အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းတွေ လူသားချင်းစာနာမှုအကူအညီတွေပေးတဲ့အခါမှာ လွတ်လပ်စွာသွားလာခွင့်ရဖို့မျှော်လင့်ပါတယ်” လို့ သူကပြောပါတယ်။
UNOCHA ရဲ့အကြီးအကဲ Mr.Martin Griffiths နဲ့ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့မွန်းလွဲပိုင်းကနေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေအကြောင်းဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အကူအညီပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုသဘောတူညီချက်တွေရရှိခဲ့တယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို ဇွန် ၈ ရက်က ရပ်ဆိုင်းလိုက်တာပါ။ အဲဒီနောက်ပိုင်းမှာ ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းအချို့ကိုတော့ ခရီးသွားလာခွင့်ပေးခဲ့ပေမယ့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုတော့ ခွင့်မပြုသေးပါဘူး။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်ဒေသခံတွေကို အကူအညီတွေပေးတဲ့အခါ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့်ပေးအပ်ရတာဖြစ်တယ်လို့ ဝံလတ်ဖောင်ဒေးရှင်းထံမှသိရပါတယ်။
စစ်ကောင်စီဥက္ကဌကတော့ COVID-19 ကပ်ရောဂါဖြစ်ပွားချိန်နဲ့ မိုခါမုန်တိုင်းတိုက်ခတ်ချိန်တွေမှာကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီပေးမှုတွေနည်းပါးခဲ့တယ်လို့ ဒီတွေ့ဆုံမှုမှာပြောဆိုခဲ့ပါတယ်။
ဦးခိုင်ကောင်းစံကတော့ “နိုင်ငံတကာအကူအညီပေးမှုတွေနည်းတယ်ဆိုတာဟုတ်လောက်တယ်။ မိုခါမုန်တိုင်းကြောင့်အပျက်အစီးတွေ၊ အရေးပေါ်ကူညီမှုတွေတောင်မှ အခုထိဘာမှမလုပ်နိုင်သေးဘူး။ နည်းတယ်ဆိုတာက နည်းရတဲ့အကြောင်းအရင်းရှိတာပေါ့။ တခြားတရုတ်တို့ ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေကတော့ အကူညီပေးတာတွေရှိတယ်။ အဲဒီအကူအညီတွေကလည်းတစ်ကယ်ကော မြေပြင်ကိုရောက်ရဲ့လားဆိုတာကိုတော့ ပြည်သူတွေပြောနေကြတာရှိတာပေါ့။တစ်ဖက်မှာလည်းစစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းတွေကို ခရီးသွားလာခွင့်တွေပိတ်ထားတာလည်းပါတယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်သူတွေဟာ မိုခါမုန်တိုင်းအပြင် ရေဘေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပါ ခံစားနေရပါတယ်။ မိုခါမုန်တိုင်းကြောင့် ကျေးရွာနှစ်ထောင်ကျော်ပျက်စီးသွားခဲ့ပြီး လူဦးရေ ၁ ဒသမ ၅ သန်းကျော်ဟာ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်ဒီလဆန်းပိုင်းက ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေတက်မှုကြောင့် အိမ်ခြေနှစ်သောင်းကျော် ရေလွှမ်းမိုးခံလိုက်ရတယ်လို့ ULA ရဲ့စာရင်းတွေအရသိရပါတယ်။
မိုခါမုန်တိုင်းကြောင့် ဆားငံရေတွေဝင်လို့ရေတွေပြန်စုပ်ထုတ်ထားရတဲ့ရေကန်တွေမှာလည်း အခုတစ်ခေါက်ရေလွှမ်းမှုကြောင့် ရွှံ့နွံတွေဝင်ကုန်လို့ ရေကန်ပေါင်း ၈၅ ကန်လောက်ထပ်မံပျက်စီးသွားရတယ်လို့ဖော်ပြထားပါတယ်။
ULA ကတော့ ရေကြီးအကျိုးဆက်အနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အဆုတ်ပွရောဂါ၊ နှာစေးချောင်းဆိုး၊ အအေးမိတာတွေကြုံလာရနိုင်တာကြောင့် လူသားချင်းစာနာမှုဆိုင်အကူအညီပေးနေတဲ့ကမ္ဘာ့နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေကို အရေးကြီးလိုအပ်တဲ့သောက်သုံးရေ၊ဆေးဝါးနဲ့စားနပ်ရိက္ခာတွေ အမြန်ဆုံးကူညီပေးကြဖို့တောင်းဆိုထားပါတယ်။
ပုံစာ- WFP မှ မိုခါမုန်ုတိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှာအစားအစာထောက်ပံ့နေမှုမြင်ကွင်း
ဓါတ်ပုံ-World Food Programme
#Dailynews

