ရန်ကုန် – ၂၀၂၃ ဩဂုတ် ၉ (မော်ကွန်း)
မြန်မာနိုင်ငံက ရေချိုငါးတင်ပို့မှုကို ဘင်္ဂလားဒေ့ရှ်က ကန့်သတ်လိုက်တာကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ယခုနှစ်အတွင်း ကုန်သွယ်မှု ကျဆင်းခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ယခုနှစ် ဧပြီလကနေ ဇူလိုင်လအထိ လေးလတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဟာ ကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်း ရှိခဲ့တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
မနှစ်က အဆိုပါ ကာလတူ လေးလတာကာလအတွင်း ကုန်သွယ်မှု ဒေါ်လာ ၁၁ ဒသမ ၅ သန်းရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်မှုဟာ ၆၀ ရာခိုင်နှုန်းထိ လျော့သွားခဲ့တာပါ။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နိုင်ငံအတွင်း ဒေါ်လာလိုအပ်ချက်ကြောင့် ကုန်သွယ်မှုကို လျှော့ချထားပြီး လိုအပ်တဲ့ပမာဏကိုပဲ မှာယူတင်သွင်းတာဖြစ်တယ်လို့ ရေထွက်ပို့ကုန်တင်ပို့နေသူတစ်ဦးက ပြောပါတယ်။
“လက်ရှိက သူတို့ဘက်က ရေချိုငါးတင်ပို့မှုကို လုံးဝနီးပါး ရပ်ထားတယ်၊ ကျွန်တော်တို့ ဒီဘက် ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်တာ အဓိကက ရေချိုငါးတင်ပို့မှုက အများဆုံးပဲ” လို့ သူက ပြောပါတယ်။
ပြည်တွင်းမှာထွက်ရှိတဲ့ ရေချိုငါးတွေကို ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ဆိပ်ကမ်း)၊ စစ်တွေ ကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ ဆိပ်ကမ်း) တို့ကနေ တင်ပို့နေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေချိုငါးတင်သွင်းမှု ကန့်သတ်ချက်တွေအပြင် ဒေါ်လာလိုအပ်ချက်ကြောင့် သွင်းကုန်ကန့်သတ်ချက်တွေ လုပ်ဆောင်လာတဲ့အတွက် အခုလိုကုန်သွယ်မှု ကျဆင်းသွားတာဖြစ်တယ်လို့ ပြောပါတယ်။
“အခုက သူတို့ဘက်ကလည်း ကန့်သတ်ချက်တွေ အများကြီးလုပ်ပြီး သွင်းကုန်ကို ကန့်သတ်လိုက်တဲ့သဘောပဲ၊ ရေချိုငါးဆိုရင် လုံးဝမပို့ရတော့ဘူး၊ နောက်ပိုင်းတော့ ပြန်ဖွင့်ပေးလာမယ်ထင်တယ်” လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါး၊ ပုစွန်၊ ဂဏန်းစတဲ့ ရေထွက်ပို့ကုန်တွေနဲ့ ဆန်၊ ငရုတ်၊ ကြက်သွန်တို့ကို ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ သွပ်၊ သံထည် အစရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို ပြန်လည်တင်သွင်းနေတာဖြစ်ပါတယ်။
ပုံစာ – မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း
Photo – RSCCI
#Dailynews

