ရန်ကုန် – ၂၀၂၄ ဧပြီ ၂၃ (မော်ကွန်း)
သင်္ကြန်ပိတ်ရက်ကာလအတွင်း ကုန်စည်ဒိုင်တွေကို ဆန်အဝင်နည်းတာကြောင့် ပြည်တွင်းမှာစားသုံးနေတဲ့ ဆန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာတယ်လို့ ဆန်ကုန်သည်တချို့က ပြောပါတယ်။
ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဇီယာ၊ ဆင်းသွယ်၊ ရက် ၉၀ ဆန် အမျိုးအစားတွေဟာ သင်္ကြန်မတိုင်မီကထက် ၂၄ ပြည်တစ်အိတ်ကို ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်က ဆန်လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။
ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း တွေကတော့ သင်္ကြန်မတိုင်မီကဈေးတန်းမှာပဲ ဆက်လက်ရှိနေပြီး ဆန်ကြမ်းအမျိုးအစားတွေပဲ သိသိသာသာဈေးမြင့်တက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်ကာလမှာ ဧရာဝတီတိုင်းဘက်ကနေ ဆန်ကုန်စည်ဒိုင်ကို ဆန်အဝင်နည်းခဲ့ပြီး ကုန်စည်ဒိုင်အများစုဟာလည်း သင်္ကြန်ကာလမှာပိတ်ထားကြတာပါ။
လက်ရှိမှာ လယ်သမားတွေလက်ထဲ နွေစပါးလက်ကျန်တွေရှိနေသေးတဲ့အတွက် ဆန်ဈေးနှုန်းက သိသိသာသာတော့ မြင့်တက်လာတာမရှိသေးသလို ပြန်လည်ကျဆင်းမယ့်အခြေအနေမှာလည်း မရှိသေးဘူးလို့ ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။
“နွေစပါးပေါ်နေသေးတော့ အများကြီးလည်း တက်ဖို့မရှိဘူး၊ ကျသွားဖို့တော့လည်း မရှိဘူး။ မိုးကျသွားပြီ၊ လယ်သမားတွေ လက်ထဲမှာ စပါးလက်ကျန်မရှိဘူးဆိုရင်တော့ တစ်မျိုးဖြစ်သွားနိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၅၀,၀၀၀ မှ ၁၆၄,၀၀၀ ဝန်းကျင်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၃၀,၀၀၀ ကနေ ၁၄၈,၀၀၀ ဝန်းကျင်နဲ့ ဆန်ကြမ်းဖြစ်တဲ့ ရက် ၉၀ ဆန် တစ်အိတ်ကို ကျပ် ၁၀၈,၀၀၀ ကနေ ၁၂၀,၀၀၀ ကျပ် ဝန်းကျင်ရှိတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ပုံစာ – ရန်ကုန်မြို့က ဆန်သိုလှောင်ရုံတစ်ခုမြင်ကွင်း
ဓာတ်ပုံ – ရောင်နီဦး