ရန်ကုန်-၂၀၂၃ ဩဂုတ် ၁ (မော်ကွန်း)
ဒီနေ့ကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ မနက်အစောပိုင်းကတည်းက ဘုရားဖူးလာရောက်သူတွေနဲ့ စည်ကားနေပါတယ်။
“နောက်ကျရင်ကားလမ်းပိတ်၊ လူကြပ်မှာစိုးလို့ မနက်အစောကြီးကတည်းကလာခဲ့တာ၊ ဘုရားဝတ်ပြုရင်း တရားမှတ်ရင်း တစ်နေကုန်ရင်ပြင်မှာကုသိုလ်ပြုမလို့” လို့ အင်းစိန်မြို့နယ်ကနေ ဘုရားလာဖူးတဲ့ အသက်၆၀အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ရွှေတိဂုံဘုရားမှာ အခုလို လပြည့်လကွယ် အခါကြီးရက်ကြီးတွေနဲ့ ရုံးပိတ်ရက်တွေလောက်သာ လူစည်ကားတော့တယ်လို့ ဘုရားမှာ ဈေးရောင်းသူတွေက ပြောပါတယ်။
“ဒီလိုနေ့တွေပဲဈေးရောင်းကောင်းတာ။ လက်ကိုမလည်ဘူးရောင်းရတာ။ တခြားနေ့ဆို လူမရှိသလောက်ပဲ”လို့ ဘုရားစောင်းတန်းမှာ ပန်းရောင်းသူတစ်ဦးကပြောပါတယ်။
အခုလိုအခါကြီးရက်ကြီးနေ့တွေမှာ ဘုရားပေါ်ကဝန်ထမ်းတွေလည်း ပန်း၊သစ်သီးစတာတွေ နေ့နံထောင့်တွေမှာ ရောင်းချနေတာတွေ့ရပါတယ်။
ဘုရားစောင်းတန်းတွေမှာတော့ ဘုရားဖူးလာသူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီးမှ ဘုရားပေါ်တက်ခွင့်ပြုပြီး နဲ့ ရင်ပြင်ပေါ်တွေမှာတော့ လုံခြုံရေးဝန်ထမ်းအများအပြားထားရှိထားတာကိုလည်းတွေ့ရပါတယ်။
Photo – Mawkun
#Dailynews

