ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁ (မော်ကွန်း)
အာဏာသိမ်းစစ်တပ် လွှတ်ပေးမယ့် အင်းစိန်ထောင်က အကျဉ်းကျခံနေရသူတွေကို စလွှတ်ပေးနေပါပြီ။
အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်မယ့် အကျဉ်းသားတွေ ၁,၀၀၀ ရှိတယ်လို့ ကနဦးသိရပြီး အဲဒီထဲမှာ ပုဒ်မ ၅၀၅ တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဓမ္မစကြာအခါတော်နေ့ အကြောင်းပြပြီး တနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းတွေက အကျဉ်းသား/သူ ၇,၇၄၉ ဦးကို လွှတ်ပေးမယ်လို့ ဆိုပေမယ့် အဲဒီအထဲမှာ အပြစ်မဲ့ဖမ်းဆီးခံထားရတဲ့ပြည်သူ၊ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်ပါဝင်မယ်ဆိုတာမသိရသေးပါဘူး။
ဒီနေ့လွှတ်ပေးမယ့်အထဲမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA ၊ TNLA ၊ SSPP/SSA နဲ့ AA တပ်ဖွဲ့တွေက ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၂ ဦးလည်းပါဝင်တယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် အာဏာသိမ်းစစ်တပ် ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း သူတို့ကို စွဲဆိုထားတဲ့ အမှုပေါင်းများစွာထဲက အနည်းငယ်ကို သက်သာခွင့်ပြုတယ်ဆိုပြီး ကြေညာထားပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှု ထောင်ဒဏ် ၃၃ နှစ်ချခံထားရပြီး ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ ထောင်ဒဏ် ၁၂ နှစ်ချခံထားရတာပါ။
ဓါတ်ပုံ – မော်ကွန်း
#Dailynews

