ဘုတလင် – ၂၀၂၃ ဇူလိုင် ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ညောင်ကန်၊ စိုင်ပြင်ရွာတွေကို မနေ့က အာဏာသိမ်းစစ်တပ်ဝင်ရောက်စီးနင်းပြီးနောက် ဘုတလင်ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ သတ်ဖြတ်ခံခဲ့ရကာ အဲဒီအထဲက ကျောင်းသားတစ်ဦးဟာ လျှာဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဘုတလင်မြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ရဲ့ခေါင်းဆောင် ကိုပျံလွှားကပြောပါတယ်။
“မနေ့က စစ်ကြောင်းက ၄း၀၀ နာရီလောက်မှာ စိုင်ပြင်လေးကို ဝင်တာဗျ၊ အဲဒီမှာ အစီးခံရတာ၊ အဲဒီမှာ ကျောင်းသားထဲက လေးယောက်အဖမ်းခံရတာပေါ့၊ သုံးယောက်ကိုတော့ ပစ်သတ်ထားခဲ့တာပေါ့၊ ကျန်တဲ့တစ်ယောက်ကိုတော့ လျှာဖြတ်ပြီးတော့ သတ်ပစ်ထားခဲ့တာ”လို့ အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုပျံလွှားက ပြောပါတယ်။
စုစုပေါင်း အသတ်ခံထားရသူ ခုနစ်ဦးရှိလာပြီး ကျောင်းသားသမဂ္ဂက လေးဦးနဲ့ နောက်ထပ်အရပ်သား သုံးဦးတို့ပါဝင်ပါတယ်။
“ညောင်ကန်ရွာရဲ့အနောက်မှာ သခွတ္တနယ်ရှိတယ်၊ သခွတ္တနယ်လမ်းကနေ ညောင်ကန်ကိုအရင်ဝင်တာဗျ၊ ညောင်ကန်မှာ ဝင်ရှာတယ်၊ သတင်းပေးရှိလို့နေမှာပေါ့။ မတွေ့တော့ လူငယ်နှစ်ယောက်ကိုပစ်သတ်ထားခဲ့တယ်ဗျ”လို့ ကိုပျံလွှားကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ညောင်ကန်ရွာထဲကို ဝင်ရောက်ရှာဖွေခဲ့ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ်ရှစ်လုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။
စုံစမ်းချက်အရ ကျောင်းသားတွေကိုသတ်ဖြတ်သွားတဲ့ စစ်ကြောင်းဟာ မုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့စစ်ကြောင်းဖြစ်ပါတယ်။
မုံရွာကနေ သမ္မတော၊ တွင်းတောင်၊ ညောင်ကန်၊ စိုင်ပြင်ရွာတွေကို တောက်လျှောက်စစ်ကြောင်းထိုးလာပြီး တစ်လကျော်ကြာထိ လူမပြောင်းသေးတဲ့စစ်ကြောင်းလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကို သူတို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကိုပျံလွှားကပြောပါတယ်။
“ဒီကောင်တွေက လူမချိန်းတာလည်း တစ်လလောက်ရှိပြီ၊ တစ်လကျော်ပြီပေါ့၊ ခါတိုင်းစစ်ကြောင်းတွေဆိုရင် ၂၈ ရက်၊ ၂၉ ရက်ဆို လူချိန်းတော့တာဗျ၊ အခုက လုံးလုံးမချိန်းဘူး”လို့ ကိုပျံလွှားကပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်နာရီခန့်က နောက်ဆုံးဆက်သွယ်စုံစမ်းချက်အရ အဲဒီစစ်ကြောင်းဟာ မပြန်သေးဘဲ ပြီးခဲ့တဲ့ မတ်လက မီးရှို့ခဲ့တဲ့ ဆုံကုန်းရွာမှာ အထိုင်ချနေတယ်လို့သိရပါတယ်။
၂၀၂၃ မတ်လက ဘုတလင်၊ ဆုံကုန်းရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့ရာမှာ နေအိမ် ၁၇၀ ကျော်မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို ခုနစ်ဦးပါ သေဆုံးခဲ့ရပါတယ်။
မနေ့က ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂရုံးခန်းစီးနင်းခံရလို့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဋ္ဌ ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နဲ့သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်)တို့ ကျဆုံးသွားကြောင်း ဗကသများအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။
ဒီနေ့မှာတော့ ဒေသတွင်းစုံစမ်းချက်တွေအရ အာဏာသိမ်းစစ်တပ်ဟာ ဘုတလင်ကျောင်းသားသမဂ္ဂဘက်က လေးဦးအပြင် နောက်ထပ်အရပ်သား သုံးဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ အခုလ ၂၇ ရက်က နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ပြည်သူအရေအတွက်ဟာ အနည်းဆုံး ၃,၈၅၀ ဦးရှိလာပါပြီ။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဘုတလင်နယ်ထဲမှာ အနည်းဆုံးရွာ ခုနစ်ရွာနဲ့အထက်ထွက်ပြေးနေရပါတယ်။
ပုံစာ – အသတ်ခံထားရတဲ့ ဘုတလင်ဗကသ ကျောင်းသားများ
ဓါတ်ပုံ – Supplied
#Dailynews

