ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၁၃ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့် စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် AAက ဒီနေ့မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ပြည်မကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ အဓိကကုန်းလမ်းကြောင်းသုံးခုစလုံးကို စစ်ကောင်စီက ဒီမနက်ပိုင်းကစပြီး ပိတ်လိုက်တယ်လို့ ဒေသခံတွေ၊ ခရီးသည်ကားဂိတ်တွေနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ချို့က ပြောပါတယ်။
“ မနက် ၈ နာရီလောက်ကတည်းက (ဂွမြို့အဝင်) ဒေါင်းချောင်းတံတားကနေ စပိတ်လိုက်တာကွ။ ဦးလေးကားတောင် ကံကောင်းလို့လွတ်ပြီးမြို့ထဲကိုဝင်ခဲ့နိုင်တာ” လို့ ဂွမြို့မှာနေထိုင်တဲ့ ယာဉ်မောင်းတစ်ဦးက ဒီမနက် ၁၁ နာရီ ဝန်းကျင်မှာ မော်ကွန်းကို ပြောပါတယ်။
ဒီလို ပိတ်လိုက်တာကြောင့် ငါးသိုင်းချောင်း-ဂွ လမ်းပိုင်း၊ ရခိုင်ရိုးမ တောင်ပေါ်လမ်းတစ်လျှောက်မှာ ခရီးသည်ကားတွေ၊ ကုန်ကားတွေ၊ ဝက်ကား၊ ငါးကားတွေ ပိတ်မိနေတယ်လို့ ၎င်းက ရှင်းပြပါတယ်။
“ ဗေဒါစခန်း(ဧရာဝတီ-ရခိုင်နယ်စပ်စစ်တပ်စခန်း)ကနေပြီး (ဂွ)မြို့နားအထိ စစ်တပ် ကင်းပုန်းတွေ၊ ကင်းစခန်းတွေ အများကြီးချထားတာကို မြင်နေရတာတော့ ကြာပြီကွ။ အခုတော့ လမ်းပါ ပိတ်လိုက်တာပေါ့။ ဘယ်တော့ ပြန်ဖွင့်ပေးမလဲဆိုတာလည်း ဦးလေးတို့မသိသေးဘူး” လို့ လည်း၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ကို ပြည်မကနေ ဝင်ရောက်မယ်ဆိုရင် ဧရာဝတီတိုင်းဘက်က ဆက်သွယ်ထားတဲ့ ငသိုင်းချောင်း-ဂွ-သံတွဲလမ်း၊ ပဲခူးတိုင်းဘက်က ဆက်သွယ်ထားတဲ့ ပြည်-တောင်ကုတ်လမ်းနဲ့ မကွေးတိုင်းဘက်က ဆက်သွယ်ထားတဲ့ မင်းဘူး-အမ်း လမ်းမသုံးခု ရှိတာပါ။ အခုဆိုရင် အဲဒီလမ်းပိုင်း သုံးခုစလုံးကို ဒီနေ့ မနက်ပိုင်းကတည်းက ကြိုတင်ကြေညာတာမရှိဘဲ ရုတ်တရက်ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ပုံမှန် ဒီအချိန်( နံနက် ၁၁ နာရီ) ဆိုရင် အကို့ဆိုင်မှာ ထမင်းစားကားတွေ နားနေကျ။ ဒီနေ့ တစ်စီးမှ အခုထိ မရောက်လာကြသေးဘူး။ အကိုလည်း အခု စုံစမ်းနေတာ” လို့ မင်းဘူး-အမ်း ကားလမ်း၊ ရခိုင်ရိုးမပေါ်က ဂုတ်ကြီးရွာမှာ ထမင်းဆိုင်ဖွင့်ထားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
၎င်းရွာနားမှာ မကြာခဏ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးသမားတွေကြား တိုက်ပွဲဖြစ်ပွားတာရှိပြီး အဲဒီရွာမှာ အခြေစိုက်တဲ့ ရဲစခန်းတစ်ခုကိုလည်း မကြာခဏ လာတိုက်ခိုက်တာရှိကြလို့ တိုက်ပွဲတွေဖြစ်လာမှာကို စိတ်ပူတယ်လို့ ၎င်းက ပြောပါတယ်။
ရခိုပြည်နယ်တစ်ဝှမ်းကို ယာဉ်လိုင်းခရီးစဉ်တွေ ပြေးဆွဲနေတဲ့ ရဲအောင်လံကားဂိတ်ကတော့ သူတို့ယာဉ်လိုင်းရဲ့ ရခိုင်ခရီးစဉ် လက်မှတ်အရောင်းတွေကို ဒီနေ့စတင်ရပ်နားထားလိုက်ပြီလို့ ပြောပါတယ်။ လမ်းကြောင်းတွေပေါ်မှာ ပိတ်မိနေတဲ့ သူတို့ယာဉ်တွေလည်း ရန်ကုန်ကို ပြန်လှည့်လာနေတာတွေ ရှိတယ်လို့ ယာဉ်လိုင်းရဲ့ အရောင်းစာရေးတစ်ဦးက ပြောပြပါတယ်။
“ စစ်တွေ၊ သံတွဲ၊ တောင်ကုတ် အဲ့ဒီလမ်းတွေ အကုန်ပိတ်လိုက်တယ်။ အကုန်ပိတ်လိုက်တာ။ ဘယ်ကားမှ သွားလို့မရတော့ဘူး။ မနက်က ထွက်သွားတဲ့ ကားတွေအကုန်လုံးကလည်း အခုရန်ကုန်ပြန်ဝင်လာနေပြီ။ သွားလို့မရလို့ ပြန်လှည့်လာခဲ့တယ်” လို့ ၎င်းက ရှင်းပြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာရှိတဲ့ ငပလီကမ်းခြေက ဟိုတယ်တစ်ချို့လည်း ဒီနေ့ စတင် ရပ်နားထားလိုက်ပြီလို့ ငပလီ-ဝင်း ဟိုတယ်က ဝန်ထမ်းတစ်ဦးကပြောပါတယ်။
“ တောင်ကုတ်ကိုရော ဂွကိုရော လမ်းကြောင်းနှစ်ခုလုံး ပိတ်လိုက် တယ်လို့ ကျွန်မတို့ ကြားရတယ်။ လေယာဉ်လမ်းကြောင်းကတော့ ဒီနေ့တစ်ရက်ပဲရတယ်လို့ ကြားတယ်။ လေကြောင်းကို လည်း အကန့်အသတ်မရှိ ပိတ်မယ်လို့လည်း ကြားနေတယ်” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိတဲ့ ရန်ကုန်-အမ်းမြို့ လေကြောင်းခရီးစဉ်တွေကို ဒီနေ့ စတင်ပိတ်လိုက်ပြီဖြစ်သလို မနက်ဖြန်ကစပြီး သံတွဲ၊ စစ်တွေ ခရီးစဉ်တွေလည်း မသေချာတော့ဘူးလို့ AIR KBZ လေကြောင်း လိုင်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ရှင်းပြပါတယ်။
“ လတ်မှတ်ကတော့ ကြိုဖြတ်ရမယ်။ အမ်းဘက်ကတော့ အခုကလက်မှတ်မရတော့ဘူး။ သံတွဲတော့ ရဦးမယ်။ စစ်တွေလည်း ရဦးမယ်။ အခုတော့ ရဦးမှာပေါ့။ နောက်ရက်တွေကတော့ မသေချာတော့ဘူး” လို့ AIR KBZ လေကြောင်းလိုင်း အရောင်းစာရေးတစ်ဦးက ပြောပါတယ်။
ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ချို့ကတော့ အခုလို ပွင့်လင်းရာသီရောက်လာမှ လမ်းကြောင်းတွေ ပိတ်ပြီး တိုက်ပွဲတွေပါ ပေါ်ထွက်လာမှာကို ပူပန်တယ်လို့ ပြောပါတယ်။
“ ပြီးခဲ့တဲ့ သီးတင်းကျွတ်တုန်းကတော့ ဧည့်သည်တွေလာကြလို့ အဆင်နည်းနည်းပြေခဲ့သေးတယ်။ အခု တန်ဆောင်တိုင်ပွဲအတွက် မျှော်နေတာ။ အခု လမ်းတွေပိတ်လိုက်ပြီဆိုတော့ လှေကို ကုန်းပေါ်ဆွဲတင်ထားရဖို့ပဲ။ မဟုတ်ရင် ရေညှိတက်လို့ခြစ် နေရမယ်” လို့ ဂွမြို့အခြေစိုက်၊ ခရီးသွားလုပ်ကိုင်သူဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော AA ဘက်ကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
စစ်ဘေးဒဏ်တွေအပြင် ဒီနှစ်မှာ မိုခါမုန်တိုင်းဒဏ်ပါ ခံလိုက်ရလို့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့ နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်(AA)တွေကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလောက်မှာ ရုတ်တရက်အပစ်ရပ်လိုက်ကြပြီးနောက် အခုတစ်ဖန် သေနတ်သံတွေ ပြန်လည်ဆူညံလာတာလည်း ဖြစ်ပါတယ်။
ဒါအပြင် အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့စစ်တပ်ကို ခုခံတော်လှန်နေသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နှောင်းပိုင်းကစတင်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်နေကြသလို ရှမ်းမြောက်၊ စစ်ကိုင်း၊ ကရင်၊ ချင်း၊ ကရင်နီ ပြည်နယ်တွေမှာ စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ထိုးစစ်ဆင်နေတာပါ။
ပုံစာ- ဒီနေ့ ပိတ်လိုက်တဲ့ မင်းဘူး-အမ်း လမ်းပိုင်းတနေရာကို ၂၀၁၈ က တွေ့ရစဉ်
ဓါတ်ပုံ-မော်ကွန်း

