ရန်ကုန် – ၂၀၂၃ ဇူလိုင် (မော်ကွန်း)
စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူကို ရိုက်နှိပ်ထုတ်ဝေမယ့် ထုတ်ပြန်ချက်ကြောင့် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်စတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေဟာ လှုပ်ခတ်မှုတွေရှိပြီး မြန်မာငွေတန်ဖိုးကျဆင်းလာတယ်လို့ ငွေကြေးဈေးကွက်အတွင်းက သိရပါတယ်။
မြန်မာငွေ နှစ်သောင်းကျပ်တန်ကို ယခုလ ၃၁ ရက်မှာ စတင်ထုတ်ဝေမှာဖြစ်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်မှာ ကန်ဒေါ်လာလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ၃,၂၀၀ ကျပ် ဝန်းကျင်မှာရှိနေရာက ၃,၃၀၀ ကျပ် ဝန်းကျင်ထိ မြင့်တက်သွားခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
“ဈေးကွက်ကတော့ ကြိုက်ရောင်းကြိုက်ဝယ် အချင်းချင်းဈေးတည့်ရင်ရောင်းကြတာပေါ့၊ အွန်လိုင်းကနေပဲကြိုက်ဈေးတင်ပြီး ရောင်းဝယ်တာပေါ့၊ တရားဝင်ဈေးကွက်ကတော့ ပိုပြီး ပျက်သွားတယ်။ ငွေဈေးကလည်း မတည်ငြိမ်သေးဘူး၊ ဆက်တက်နိုင်တယ်ဆိုပြီး အဝယ်လိုက်လာတော့ ဈေးပိုလိုချင်သူတွေလည်း ဆွဲတင်တာတွေလည်းရှိပါတယ်။ လုံးဝ မှောင်ခိုဈေးကွက်တစ်ခုလိုဖြစ်လာတယ်” လို့ ဒေါ်လာအရောင်းအဝယ်လုပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ထိုင်းဘတ်ငွေလဲလှယ်နှုန်းဟာလည်း ပြီးခဲ့တဲ့သုံးရက်က ထိုင်းငွေတစ်ဘတ်ကို ၈၉ ကျပ်ဝန်းကျင်ပေါက်ဈေးရှိရာက ဒီနေ့မှာတော့ ၉၅ ကျပ်ဝန်းကျင်ထိ ရောက်ရှိသွားတယ်လို့ မြဝတီမြို့က ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ပုံမှန်ဈေးကတော့ တစ်ဘတ်ကို ၉၅ ကျပ်လောက် ပေါက်နေတာပေါ့၊ တချို့နေရာတွေမှာလဲ တစ်ဘတ်ကို ၁၀၀ ထိ ဈေးတင်ထားတာတွေတော့ ရှိတယ်၊ နှစ်သောင်းတန်ထွက်ပြီးနောက်မှာ ဘတ်လည်း ဒေါ်လာလိုမျိုးပဲ လိုက်ဝယ်ကြသူတွေ များလာတယ်၊ ငွေကြေး Panic Buying ဆန်ဆန်ဖြစ်လာတော့ ထိုးတက်လာတယ်၊ မငြိမ်သေးဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန်ထုတ်ဝေဖို့ စီစဉ်မှုက ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို ရိုက်ခတ်မှုတွေရှိနေပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်နေတာကြောင့် ကုန်သည်တွေအခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။
“အခုတော့ စောင့်ကြည့်နေတာပေါ့နော်၊ မဝယ်ရဲသေးဘူးပေါ့၊ ကိုယ်ဝယ်ပြီး ထပ်တက်တာ၊ ပြန်ကျတာမျိုးတွေဖြစ်မှာကြောင့် အရောင်းအဝယ်တွေ ရပ်နေတဲ့သဘောဖြစ်နေတယ်။ စောင့်ကြည့်နေကြတာပေါ့နော် အခြေအနေကို၊ အခုက ဈေးမငြိမ်ဘူး အချိန်နဲ့အမျှပြောင်းနေတယ်” လို့ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ကတော့ လက်ရှိထုတ်ဝေမယ့် ကျပ်နှစ်သောင်းတန်ငွေစက္ကူကို အကန့်အသတ်နဲ့ထုတ်ဝေမှာဖြစ်ပြီး လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူတွေအနက် သုံးစွဲဖို့မသင့်တဲ့ ဟောင်းနွမ်းငွေစက္ကူတွေနေရာမှာ တန်ဖိုးတူ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေ ၊ ငွေအကြွေတွေဟာလည်း တရားဝင်သုံးစွဲငွေတွေအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြည်တွင်းမှာ ကျပ်ငွေရဲ့ တန်ဖိုးကိုတိုးမြှင့်ပြီး အသစ်ရိုက်နှိပ်ထုတ်ဝေတာဟာ ပြီးခဲ့တဲ့ ၂၀၁၂ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က နောက်ဆုံးရိုက်နှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး တစ်သောင်းကျပ်တန် ငွေစက္ကူကို ရိုက်နှိပ်ခဲ့တာဖြစ်ပါတယ်။
ပုံစာ – စစ်ကောင်စီကထုတ်ဝေမယ့် နှစ်သောင်းကျပ်တန်ငွေစက္ကူ
ဓာတ်ပုံ – CBM
#Dailynews

