မိုးကုတ် – ၂၀၂၃ ဇူလိုင် ၁၉ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့က လက်လုပ်လက်စားကျောက်လုပ်ကွက်တွေကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၈ရက်ကစကာ ပိတ်သိမ်းခိုင်းပြီးနောက် နေ့စဥ်နီးပါး ကျောက်မျက်လုပ်ကွက်တွေမှာ ရှောင်တခင် ပစ်ခတ်စစ်ဆေးနေတယ်လို့ ကျောက်မျက်တူးဖော်နေသူတွေဆီကသိရပါတယ်။
” တွင်းထိပ်ကနေပစ်တာ ၊ သေနတ်မိုးပေါ်ထောင်ပစ်တာပဲ၊ အကုန်ထွက်ပြေးကြရတာ၊ ကျန်ခဲ့တဲ့နည်းနည်းကတော့ အစစ်ခံရတယ်၊ ပေးမလုပ်ဘူးပြောတာပဲ”လို့ မိုးကုတ်အနောက်ပိုင်းမှာ ကျောက်မျက်တူးဖော်နေသူတစ်ဦးကပြောပါတယ်။
စစ်သားတွေဟာ အိမ်စီးကားတွေ၊ အရပ်ဝတ်တွေနဲ့ လက်နက်တွေကိုင်ဆောင်ပြီး ကျောက်မျက်တွင်းတွေမှာ ခြိမ်းခြောက်ပစ်ခတ်တဲ့အပြင် တဲတွေကိုလည်းဖျက်ဆီးသွားကြတယ်လို့ ကြုံတွေ့ရသူတွေဆီကသိရပါတယ်။
” ရှေ့တစ်ရက်ကဆို တဲတွေထဲကိုပစ်တာ၊ တော်သေးတယ်၊ လူမရှိလို့၊ တဲတွေဆိုစုတ်ပြတ်သွားတာပဲ၊ သူတို့လာမယ်မှန်း ဘယ်သူမှမသိဘူးလေ “လို့ ကျောက်မျက်တူးဖော်နေသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုလို ကျောက်မျက်တွင်းတွေမှာသေနတ်ပစ်ခြိမ်းခြောက်နေတာကြောင့်ဒေသခံတွေ ကြောက်လန့်၊ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
” ကျောက်တူးမှ ကျောက်ရမှ အလုပ်လုပ်ကြရတာ၊ ခုအလုပ်မရှိတော့ဘူး၊ ဘယ်အချိန်လုပ်ရမလဲ၊ ဘာမှမသိရဘူးလေ၊ ခုလိုလာပစ်နေတော့ ဘာမှမလုပ်ရဲကြဘူး”လို့ အမည်မဖော်လိုတဲ့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လာရောက်စစ်ဆေးချိန် ဖမ်းဆီးရမိသူတွေကို တွင်းဆရာ ထောင်ငါးနှစ်၊ တွင်းသမားထောင်သုံးနှစ်လို့ စစ်တပ်ကပြောသွားကြောင်း ဒေသခံတွေကပြောပါတယ်။
ပုံစာ – ၂၀၁၈ ခုနှစ်က မိုးကုတ်တွင်တွေ့ရသော လက်လုပ်လက်စားလုပ်ကွက်တစ်ကွက်
ဓါတ်ပုံ – Mawkun Magazine
#Dailynews

