ရန်ကုန်-၂၀၂၃ ဇူလိုင် ၁၈ (မော်ကွန်း)
ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်တွေနဲ့ ဘုရားကျောင်းတစ်ကျောင်း ပျက်စီးသွားတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားရေးဌာနက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ပထမတစ်ကြိမ်လာတဲ့အချိန်မှာ ချင်းပြည်နယ်အစပ်ရယ်၊ ပြီးရင်မကွေးတိုင်းထဲ ဆောမြို့နယ်၊ ဟိုတလောက မီးရှို့ခံရတဲ့ ရင်းကဲကျေးရွာဘက်တွေကောပေါ့နော်၊ ၁၀ လုံးကျော်လောက် ဗုံးကြဲချခဲ့တယ်။ ၁၁ နာရီလောက်မှာ နောက်ထပ်တစ်စီးထပ်လာတယ်။ အဲဒီဟာက ချင်းပြည်နယ် မန်တောင်အုပ်စု မဆာတွီရွာနားတစ်ဝိုက်ကို ခြောက်ကြိမ်လောက်ဗုံးကြဲတဲ့အချိန်မှာ ရွာပေါ်မှာတည့်တည့် လေးလုံးဗုံးကြဲခဲ့တယ်။ ခရစ်ယာန်ဘုရားကျောင်းရယ်၊ လူနေအိမ်ငါးလုံးရယ်ပျက်စီးသွားတယ်လို့ သိရပါတယ်” လို့ပြောပါတယ်။
လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရပေမယ့် ဒေသခံတွေကို ကြိုတင်ရှောင်ခိုင်းထားတာကြောင့် လူထိခိုက်မှုတော့မရှိဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အခုလအစောပိုင်းကတည်းက မကွေးတိုင်းထဲကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး သူတို့လာတဲ့လမ်းတစ်လျှောက်က ကျေးရွာတွေကို မီးရှို့မယ်ဆိုတဲ့သတင်းတွေထွက်နေတာကြောင့် ဒေသခံတွေကို ကြိုတင်ရှောင်ခိုင်းထားတာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့လမ်းတစ်လျှောက် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
“သိရသလောက်ဆို မနက်ပိုင်းကတိုက်ပွဲဖြစ်တယ်၊ ဖြစ်တော့ စစ်ကြောင်းကရှေ့မတိုးနိုင်ဘူး၊ ရပ်သွားတယ်။ တိုက်ပွဲက ၉ နာရီလောက်ကဖြစ်တယ်၊ ၁၁ လောက်ကျ လေကြောင်းကလာကြဲတယ်” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့ မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ် လမ်းတစ်လျှောက်က ကျေးရွာ ၁၀ ရွာကျော်က ဒေသခံနှစ်ထောင်ဝန်းကျင်ရှောင်တိမ်းနေရပြီး စစ်ရှောင်ဦးရေ ထပ်တိုးလာနေတယ်လို့ ဆိုပါတယ်။
ပုံစာ-ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ မဆာတွီကျေးရွာ
Photo – Khonu Battalion
#Dailynews

