ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၅ (မော်ကွန်း)
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က ကညွှတ်ကွင်းတံတား ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဖြူးမြို့နယ်နဲ့ ပဲနွယ်ကုန်းမြို့ထိ လမ်းတစ်လျှောက်ကို ဒီနေ့မနက်ပိုင်းကစပြီး ပိတ်ထားလိုက်ပြီး တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြူးမြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကညွတ်ကွင်းတံတားကို မနေ့က မနက်ပိုင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေ အသုံးမပြုနိုင်အောင် မနေ့က မနက်ပိုင်းက ဖောက်ခွဲခဲ့ပါတယ်။
ဒါ့အပြင် လမ်းဟောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်း ရှစ်ခုကိုလည်း တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ကညွှတ်ကွင်းတံတား ကျိုးကျသွားတဲ့အတွက် အဲ့ဒီလမ်းကို အသုံးပြုနေတဲ့ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေအပါအဝင်၊ ယာဉ်အားလုံးကို အမြန်လမ်းပေါ်ကို ဖြတ်သန်းခွင့်ပေးထားပါတယ်။
ရန်ကုန်-မန္တလေး လမ်းဟောင်းကို အသုံးပြုနေတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးကတော့ “လမ်းဟောင်းပေါ်ကကားတွေ ရန်ကုန်ကနေလာရင် ပဲနွယ်ကုန်းကနေ စပြီး အဝင်ရော အထွက်ရော ပိတ်ထားတယ်။ ဟိုဘက် မန္တလေးကလာရင်တော့ ဖြူးက ပိတ်ထားတယ်။ ကညွတ်ကွင်းဘက်ကို ပေးမတက်တော့ဘူး။ အမြန်လမ်းကပဲ ပေးသွားနေတာ၊ အဲ့ဒီမှာ ရဲတွေရော စစ်သားတွေရော ပိတ်ထားတယ်” လို့ အဲ့ဒီ ကုန်တင်ယာဉ်မောင်းက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီဒေသမှာ အင်တာနက်လိုင်းတွေ ပိတ်ထားပြီး စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ဖြူးမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲ့ဒီနားက ရွာတွေမှာ PDF တွေ ဝင်လာတယ်တဲ့ သတင်းတွေ အရင်ရက်တွေကလည်း ကြားရတယ်။ ဒီနေ့တော့ အင်တာနက်တွေလည်း ဖြတ်ထားတယ်။ လမ်းလည်း ပိတ်လိုက်တယ်။ စစ်ကားတွေလည်း တောက်လျှောက်တက်လာနေတယ်” လို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ပဲနွယ်ကုန်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဒီဇင်ဘာလ ဒုတိယအပတ်တည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။
ဒါ့အပြင် ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းပေါ်မှာရှိတဲ့ နတ်သံကွင်းမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီဇင်ဘာလ ၂၈ ရက်မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း အဲ့ဒီဒေသတစ်ဝိုက်ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
ပုံစာ- ကညွတ်ကွင်းတံတား(ရန်ကုန်-မန္တလေးလမ်းဟောင်း)ကျိုးသွားလို့ အမြန်လမ်း(ရန်ကုန်-မန္တလေး) ပေါ်တက်ပြီး မောင်းနှင်နေကြတဲ့ကုန်ကားတွေကို ၁၁၅မိုင် တိုးဂိတ်အနီးမှာ ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ်။
ဓါတ်ပုံ-မော်ကွန်း

