ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၇ (မော်ကွန်း)
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံဦးရေ တစ်သောင်းခွဲနီးပါးဟာ စစ်ဘေးရှောင်နေကြရတယ်လို့ အဆိုပါစစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။
KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရွှေကျင်မြို့နယ်(ဆောထိမြို့) ကို ဇူလိုင်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး တိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့ KNU က ယခုလ ၁၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေပြီး ရွှေကျင်မြို့နယ်အတွင်းက ကျေးရွာ ၁၆ ရွာခန့်က ဒေသခံ ၁၄,၁၁၇ ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထွက်ပြေးလာတဲ့ ဒေသခံတွေဟာ ရွှေကျင်မြို့ပေါ်နဲ့ နီးစပ်ရာ စစ်ဘေးလွတ်ရာဒေသတွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီလဆန်းပိုင်းမှာ စစ်ကြောင်းစဝင်လာတာပေါ့၊ သူတို့က ခလရ ၂၄၆ က ပိန်းဇလုပ်ရွာဆိုတာရှိတယ်၊ အဲ့ဒီမှာ အထိုင်ထားပြီး လက်နက်ကြီးတွေ လှမ်းလှမ်းပစ်တာ၊ အဲ့ဒီနားက ကျေးရွာတွေ ဒေသခံတွေ ဘေးလွတ်ရာ ပြေးကြတာပေါ့၊ ရွှေကျင်မြို့ပေါ် တက်ပြေးတာလည်းရှိတယ်၊ ဟိုဘက် တောင်ပေါ်တွေ၊ တောထဲတွေကို ထွက်ပြေးသူတွေလည်း ပြေးကြတယ်၊ စစ်ဘေးရှောင်တွေက ဒီအတိုင်းပဲ တောထဲမှာ ယာယီတဲထိုးနေသူတွေလည်းရှိတယ်၊ ဘယ်သူမှ ရွာမှာမနေရဲတော့ဘူးလေ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက် အရပ်သားတွေကို ဖမ်းဆီးမှုတွေရှိနေပြီး ရွှေကျင်မြို့နယ်အတွင်းက ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီး ရွာမ၊ စပ်စု၊ သက်ကယ်ကုန်း၊ စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“လောလောဆယ်တော့ အကုန်ပြေးနေရတာပေါ့၊ စစ်ကြောင်းက သူမထင်ရင်မထင်သလို အကုန်ဖမ်းနေတော့ ရွာလုံးကျွတ်တွေ ထွက်ပြေးကြတာ၊ လက်နက်ကြီးတွေလည်း အဲ့ဒီရွာတွေကို တောက်လျှောက်ပစ်နေတယ်” လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ ဆောထိမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ-၂၀ နဲ့ ခလရ-၂၄၆ တပ်ရင်းနှစ်ခု စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ယခုလ ၁ ရက်ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အောက်မိုးခို၊ ရွှေခဲစု၊ အင်းကျိုက် အစရှိတဲ့ကျေးရွာအတွင်းကနေအိမ်တွေ လက်နက်ကြီးထိမှန်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဆိုပါ ရွှေကျင်မြို့နယ်အတွင်း KNLA တပ်ရင်း(၇) ရဲ့ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးပြီး ဒေသခံတွေ ထွက်ပြေးခဲ့ရမှုများ
Photo – KNU (တပ်မဟာ – ၃)
#Dailynews

