ရန်ကုန် – ၂၀၂၃ ဇူလိုင် ၇ (မော်ကွန်း)
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မနေ့က ရန်ကုန်မြို့မှာ နိုင်ငံတကာသံတမန်တွေကိုခေါ်ယူတွေ့ဆုံပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားမှုအစီအစဉ်ကို ရန်ကုန်မြို့အခြေစိုက်သံတမန်တွေနဲ့ ကုလသမဂ္ဂဋ္ဌာနေကိုယ်စားလှယ်တို့ကို ခေါ်ယူတွေ့ဆုံကာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသိန်းဆွေက အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နေတယ်လို့လည်းထည့်သွင်းပြောခဲ့တယ်လို့ဆိုပါတယ်။
အာဆီယံတူညီဆန္ဒငါးချက်ဖော်ဆောင်ရာမှာ အရေးကြီးဆုံးအချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကျင်းပရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးရေးတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ ထည့်သွင်းပြောခဲ့တာပါ။
အာဆီယံဘုံသဘောတူညီချက် ငါးချက်ထဲက အချက်တစ်ခုဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးဆိုတဲ့အချက်ကိုတော့ သူ့အနေနဲ့ထည့်သွင်းပြောခဲ့တာ မရှိခဲ့ပါဘူး။
ဒါ့အပြင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေကိုလည်း အဖျက်အမှောင့်လုပ်ငန်းတွေ၊ အကြမ်းဖက်မှုတွေလုပ်ဆောင်နေပြီး စစ်ကောင်စီရဲ့ ဒီမိုကရေစီဖော်ဆောင်မှုလုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်အောင်လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောခဲ့ပါသေးတယ်။
စစ်ကောင်စီအနေနဲ့ တကယ်တမ်းငြိမ်းချမ်းရေးရရှိလိုပါက လက်ရှိအာဏာသိမ်းထားကို ပြန်စွန့်လွှတ်ပြီး PDF တွေအပါအဝင် လက်ရှိပဋိပက္ခဖြစ်စဉ်မှာ ပါဝင်သူအားလုံးနဲ့ ဆွေးနွေးရမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦးက မှတ်ချက်ပြုပါတယ်။
“အခုသူတို့လုပ်ရပ်တွေနဲ့တော့ ဘာမှစေ့စပ်ဆွေးနွေးစရာမရှိဘူး၊ စေ့စပ်ဖို့လည်း လမ်းမမြင်ရသေးဘူး။
တကယ်ငြိမ်းချမ်းရေးလိုချင်ရင် PDF တွေနဲ့ အပစ်အခတ်ရပ်ကြောင်းကြေညာပြီး အာဏာသိမ်းထားတာပြန်စွန့် ၊ ဖမ်းထားတဲ့ သူတွေအကုန်ပြန်လွှတ်ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေကို စကားသွားပြောရမှာပေါ့၊ အဲ့ဒီလိုမှ PDF တပ်တွေက စစ်ပွဲကိုရပ်ပေးလို့ရနိုင်မှာပေါ့၊ အခုချိန်ထိတော့ အဲ့ဒီလိုလုပ်ဆောင်တာမရှိသေးဘူး” လို့ သူကပြောပါတယ်။
လက်ရှိမှာ အာဆီယံဟာ အာဏာသိမ်းစစ်ကောင်စီကိုအာဆီယံစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ထားပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့အင်ဒိုနီးရှားကလည်း မြန်မာ့အရေးကို နောက်ကွယ်က သံခင်းတမန်ခင်းနည်းလမ်းတွေကို ချဉ်းကပ်နေတယ်လို့ ပြောထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေအကြား ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပုံစာ – စစ်ကောင်စီနိုင်ငံခြားရေးနဲ့ နိုင်ငံတကာ သံတမန်တွေ မနေ့က တွေ့ဆုံခဲ့ပုံ
ဓာတ်ပုံ – MOFA Facebook
#Dailynews

