စစ်ကိုင်း – ၂၀၂၃ ဇူလိုင် ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဒေသခံပြည်သူ ၆၀ ဦးထဲက ၁၄ ဦး ဒီနေ့အထိပြန်မလွတ်သေးတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“နှိပ်စက်ခံရတယ်လို့ ပြန်ကြားရတာပဲ၊ အသေးစိတ် သိဖို့တော့ မလွယ်ဘူးဖြစ်နေတာ။ ချောင်းခြားရွာအနီး ၁၂ ယောက်ဖမ်းခံရတဲ့ထဲက အမျိုးသား ငါးယောက်ကျန်တယ်။ အဲဒီငါးယောက်ထဲက တစ်ယောက်သေဆုံးသွားပြီလို့ကြားနေရတယ်။ သတင်းကတော့ အတည်ပြုမရသေးဘူး။ အမျိုးသားတွေပဲကျန်တေယ်လို့ သိရပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတာပေါ့” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံ ၆၀ ဦးမှာ အင်းမရွာက ၁၂ ဦးနဲ့ မိဿလင်ကုန်းက ၄၈ ဦးဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပျူစောထီးအဖွဲ့တွေက အခုလ ၄ ရက်နဲ့ ၅ ရက်မှာ အင်အားအများအပြားနဲ့ ဖမ်းဆီးခဲ့တာပါ။
စစ်ကောင်စီတပ်တွေက ဖမ်းခံထားရသူတွေထဲက ၄၆ ဦးကိုပြန်လွှတ်ခဲ့ပြီး အင်းမရွာခံ ငါးဦးနဲ့ မိဿလင်ကုန်း ရွာခံ ကိုးဦး စုစုပေါင်း ၁၄ ဦးကိုတော့ ဒီနေ့အထိ ဆက်လက်ဖမ်းဆီးထားပြီး သူတို့ တပ်စွဲထားတဲ့ ကိုးထောင်ဘို့အထိုင်စခန်းနဲ့ ကျွန်းလှမြို့ အထိုင်စခန်းတွေမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ ကန့်ဘလူခရိုင်အတွင်း ရွာစဉ်တစ်လျှောက် ဆက်တိုက်စစ်ကြောင်းထိုးနေပြီး ဒေသခံတွေကို မကြာခဏဖမ်းဆီးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့စွပ်စွဲပြီး နှိပ်စက်သတ်ဖြတ်တာ၊ ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကန့်ဘလူမြို့နယ် မကျီးကုန်းရွာက အိမ်တစ်လုံး
Photo – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
#Dailynews

