စစ်ကိုင်းတိုင်း – ၂၀၂၃ ဇူလိုင် ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းကျေးရွာတွေဟာ အခုညမှာ အာဏာသိမ်းစစ်တပ်ဝင်ရောက်လာလို့ ထွက်ပြေးနေကြရပါတယ်။
ဇူလိုင် ၅ ရက် ည ၁၀း၀၀ နာရီလောက်ကတည်းက မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကားတွေဟာ ချင်းတွင်းတံတားကိုဖြတ်ပြီး ဝင်ရောက်လာတာလို့ ဒေသခံတွေဆီကသိရပါတယ်။
“မုံရွာ နမခက ခွေးကားတွေ မလာခင် ခရိုင်ရဲတပ်ရင်း(၂၈)က ရခတွေကအရင် ကင်းပုန်းဝတ်တာဗျ။ယင်းမာပင်မြို့နယ်၊ အောင်မိုးရွာအနီးပေါ့ဗျာ။ မကြာပါဘူး နမခကခွေးကား သုံးစီးက ပုသိမ်-မုံရွာလမ်းအတိုင်းတောင်ကိုမောင်းလာတော့တာပဲ။ အဲဒီသတင်းကြားတော့ တာဝန်ရှိသူတွေက လမ်းဘေးဝဲယာရှိကျေးရွာတွေကို ရှောင်ခိုင်းတော့တာပဲ။ အချို့လည်း ကြားကြားချင်း ရှောင်ကြတယ်။ အချို့ကတော့ ရဲတပ်ရင်းအနီးက လက်နက်ကြီးတွေထုမှထွက်ကြတာ ညသန်းခေါင်ကျော်နေပြီလေ။ ကျွန်တော်တို့ပြည်သူတွေ ဒုက္ခများလှပြီလို့” ဒေသတွင်းစစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ပုသိမ် – မုံရွာလမ်းဘေးရွာတွေက ပြည်သူတွေဟာ တစ်လကို အနည်းဆုံး လေးကြိမ်လောက်ထိစစ်ရှောင်နေကြရတယ်လို့ မော်ကွန်းရဲ့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
အခုည စစ်ကြောင်းထိုးတာဟာ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းနဲ့ ကြေးစင်တောင်ကြေးနီစီမံကိန်းကို ရိက္ခာပို့ရင်း ကြေးပြားသယ်ဖို့ဖြစ်နိုင်တယ်လို့လည်း ဒေသတွင်းကာကွယ်ရေးလှုပ်ရှားနေသူတစ်ဦးကပြောပါတယ်။
ကံကုန်း၊ဒုန်းတော၊ဂုဏ်တော၊ဘိန်းနွယ်ချောင်၊ကျေးစာကျရွာစတဲ့ရွာတွေ လတ်တလော တိမ်းရှောင်နေကြရပါတယ်။
ဓါတ်ပုံ – Mawkun Magazine
#Dailynews

