တောင်ကြီး-၂၀၂၂ ဇန်နဝါရီ ၂၈ ( မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသသည့် အသံတိတ်သပိတ်(Silent Strike)လှုပ်ရှားမှုတွင် မပါဝင်ကြရန် မြို့ကြီး၊ မြို့ငယ်များတွင်သာမက ၎င်းတို့အားကောင်းသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ပါ စစ်ကောင်စီက လိုက်လံသတိပေးနေသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း တဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းလှုပ်ရှား ဆန္ဒပြသူများကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ အပြင် အီလက်ထရွန်းနစ်ဥပဒေများဖြင့်ပါ အရေးယူမည်ဟု လူစည်ကားသည့်နေရာများတွင် ကားဖြင့်ယနေ့လိုက်လံကြေညာနေသည်။
အာဏာသိမ်းမှုတစ်နှစ်ပြည့်မည့် လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းပေါ်မထွက်ဘဲ အသံတိတ်သပိတ်ဖြင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများက လူမှုကွန်ယက်များတွင်လှုံ့ဆော်နေသည်ကို တန်ပြန်ရန် အာဏာသိမ်းစစ်ကောင်စီက ယခုကဲ့သို့ လိုက်လံတားမြစ်နေခြင်း ဖြစ်သည်။
ကုန်ခဲ့သည့် ဒီဇင်ဘာ ၁၀ ကလည်း ယခုကဲ့သို့ အသံတိတ်သပိတ်ဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများကလှုံ့ဆော်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ခဲ့ကြသည်။
မြန်မာနိုင်ငံကို တိုင်းနှင့်ပြည်နယ် ၁၄ ခု၊ နေပြည်တော် ကောင်စီအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုဖြင့် ဖွဲ့စည်းသည်ဟု လက်ရှိအာဏာသိမ်းထားသော စစ်ကောင်စီက ဆက်လက်ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။
ယင်းတို့မှာ ဓနု၊ကိုးကန့်၊ပလောင်၊ပအိုဝ်း၊နာဂနှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ပြီး ဒေသ ငါးခုသည် ရှမ်းပြည်နယ်တွင်ပါဝင်ပြီး တစ်ခုက စစ်ကိုင်းတိုင်းမြောက်ပိုင်းတွင် တစ်ခုရှိကာ ဝေးလံခေါင်ဖျား တောင်တန်းဒေသများဖြစ်ကြသည်။
ပုံစာ – ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းမှ ဈေးမြင်ကွင်းတစ်ခု
Photo: Supplied
#Dailynews

