ရန်ကုန် – ၂၀၂၃ ဇူလိုင် ၅ (မော်ကွန်း)
ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ Novotel Yangon Max ဟိုတယ်မှာ ဇူလိုင် ၂၁ ရက်မှာ ပြုလုပ်မယ့် Iron Cross အဖွဲ့ရဲ့အဆိုတော် မျိုးကြီးနဲ့ဝိုင်ဝိုင်းရဲ့ ဖျော်ဖြေပွဲကို ဝေဖန်မှုတွေမြင့်တက်လာပြီးနောက် ဖျက်သိမ်းလိုက်ကြောင်း Novotel Yangon Max ဟိုတယ်က မနေ့ကကြေညာလိုက်ပါတယ်။
“ A Night With Myo Gyi & Wyne Wyne ပွဲအား ပြုလုပ်တော့မည်မဟုတ်ပါကြောင်း ရိုသေလေးစားစွာအသိပေးအပ်ပါသည်။ အဆင်မပြေမှုများအတွက် Novotel Yangon Max မှ သက်ဆိုင်သူ အားလုံးအား အနူးအညွှတ်တောင်းပန်အပ်ပါသည်” လို့ ဟိုတယ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ရန်ကုန်မြို့နေ IC ပရိသတ်တစ်ဦးက”ငယ်ငယ်ကတည်းက IC ကို အားပေးခဲ့တာပါ၊ ဒါပေမယ့် အခုချိန်မှာ ဒါမျိုးပွဲလုပ်တာတော့ အားမပေးပါဘူး။ ပြည်တွင်းမှာဖြစ်နေတဲ့အခြေအနေတွေကို ကိုယ်ချင်းစာတရားရှိကြမယ်ဆိုရင်ပေါ့၊ ဒီအချိန်မှာ လုံးဝမလုပ်သင့်တဲ့ပွဲတစ်ခုပါပဲ” လို့ ပြောပါတယ်။
ည ၇ နာရီကနေ ၁၀ နာရီအထိ သုံးနာရီကြာ ဖျော်ဖြေမယ့်အဲဒီပွဲကို တက်ရောက်မယ့်သူတွေဟာ လူရှစ်ဦးစာ ၂၅ သိန်းတန်လက်မှတ် ဝယ်ယူရမှာဖြစ်ပြီး ရှစ်ဦးစာစားပွဲ၊ အခန်းနှစ်ခန်း၊ စကော့ဝီစကီတစ်လုံး၊ ဘီယာ၊ ဝိုင်နဲ့ အမြည်းတွေကို စိတ်ကြိုက်သုံးဆောင်ရင်း နားဆင်နိုင်မှာဖြစ်တယ်လို့ Novotel ဟိုတယ်က ကြေညာခဲ့တာပါ။
ဖျော်ဖြေပွဲကိုကြေငြာပြီးမကြာခင် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေအများအပြားထွက်ပေါ်လာပြီးနောက်မှာ ဟိုတယ်က အဲဒီဖျော်ဖြေပွဲဖျက်သိမ်းကြောင်း မနေ့ကကြေညာခဲ့တာဖြစ်ပါတယ်။
ပုံစာ-အဆိုတော်မျိုးကြီးနဲ့ ဝိုင်ဝိုင်းရဲ့ ဖျော်ဖြေပွဲ ကြော်ငြာ
#Dailynews

