ရန်ကုန် – ၂၀၂၃ ဇူလိုင် ၄ (မော်ကွန်း)
ပြည်တွင်းစားသုံးနေတဲ့ စားအုန်းဆီဈေးနှုန်းဟာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို ၁,၀၀၀ ကျပ်ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ဆီကုန်သည်တွေဆီက သိရပါတယ်။
ဇွန်လကုန်ပိုင်းမှာ တစ်ပိဿာကို ကျပ် ၆,၈၀၀၊ ၇,၀၀၀ ဝန်းကျင်မှာရှိနေတဲ့ စာအုန်းဆီဈေးဟာ လက်ရှိမှာ တစ်ပိဿာကို ၈,၀၀၀ ဝန်းကျင်ထိ ဈေးမြင့်တက်ခဲ့တယ်လို့ တာမွေမြို့နယ်က ဆီလက်လီလက်ကားရောင်းချတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ဘုရင့်နောင်မှာတော့ ပေပါလိုက်ဈေးက တစ်ပိဿာကို၊ ၇,၇၀၀ ဈေးကနေ ၈,၀၀၀ ထိ ရှိတယ်၊ အဲ့ကနေ အဆင့်ဆင့်ပေါ့ ရပ်ကွက်ထဲက ဈေးထဲမှာဆို တစ်ပိဿာကို ကိုးထောင်၊ တစ်သောင်းလောက်ဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် စားအုန်းဆီဈေးနှုန်းတွေဟာ ဒေါ်လာဈေးမြင့်တက်မှုနဲ့ တင်သွင်းလာတဲ့ဆီပမာဏနဲ့ ဝယ်လိုအားမမျှမှုတွေကြောင့် အခုလိုမြင့်တက်နေတာဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ဆီသင်္ဘောတွေ ထပ်ဝင်လာမယ့်သတင်းတော့ရှိတယ်၊ နောက်တစ်ပတ်လောက်နည်းနည်းပြန်ကျမယ်လို့တော့ ခန့်မှန်းကြတာပေါ့၊ ဆီသင်္ဘောထပ်ဝင်လည်း ဒေါ်လာနဲ့ပဲရှင်းရမှာဆိုတော့ လက်ရှိငွေဈေးမငြိမ်သေးရင်တော့ ဈေးကတော့ အတက်မှာပဲ ဆက်ရှိနေမယ်ထင်တယ်” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက သတ်မှတ်ထုတ်ပြန်တဲ့ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးနှုန်းကတော့ တစ်ပိဿာကို ၄,၀၃၀ ကျပ် သတ်မှတ်ထားပါတယ်။
ပြည်တွင်းမှာစားသုံးနေတဲ့ စားအုန်းဆီတွေကို မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အဓိက တင်သွင်းတာဖြစ်ပါတယ်။
ပုံစာ – ရန်ကုန်မြို့က စားဆီ သိုလှောင်ရောင်းဝယ်တဲ့ ဆိုင်ကို တွေ့မြင်ရစဉ်
Photo – Thurein
#Dailynews

