ရန်ကုန် – ၂၀၂၃ ဇွန် ၃၀ (မော်ကွန်း)
မနေ့က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့ သထုံနဲ့ဘီးလင်းကိုဆက်သွယ်ထားတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီဘက်က ယာယီပြင်ဆင်မှုတွေပြုလုပ်နေပြီး အဲ့ဒီတံတားနဲ့အနီးတဝိုက်မှာလည်း လုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီကပြောပါတယ်။
မိုင်းဖောက်ခွဲခံရပြီးနောက်မှာ တံတားကိုသွားရောက်ပြင်ဆင်တဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေလည်း ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရလို့ သထုံခရိုင် လမ်းဦးစီးမှူးနဲ့ ထွေ/အုပ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကာ စစ်သားနဲ့ရဲ ၂၀ ခန့် ဒဏ်ရာရသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ တံတားနဲ့အနီးတစ်ဝိုက်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနေရာယူကာ လုံခြုံရေးတင်းကျပ်ထားပြီး တံတားကိုလည်း ယာယီပြင်ဆင်ဖို့လုပ်ဆောင်နေတယ်လို့ အဆိုပါလမ်းပိုင်းမှာပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားဟာ တံတားတစ်ခြမ်းကျိုးကျသွားတာဖြစ်ပြီး ကျန်တဲ့ တစ်ခြမ်းကနေ အိမ်စီးကားတွေကိုတော့ တစ်စီးချင်းစီ ဖြတ်သန်းခွင့်ပေးနေတယ်လို့ သူကပြောပါတယ်။
“ကျွန်တော်တို့ကုန်ကားတွေကတော့ ပိတ်နေတာပေါ့၊ ကားလေးတွေကိုတော့ တံတားတခြမ်းကနေ တစ်စီးချင်းစီပေါ့ ကူးခွင့်ပေးတယ်၊ မြဝတီအဆင်းကားတွေ အကုန်ပိတ်မိနေတယ်အဲ့ဒီမှာ။ ဒီမနက်တော့ တံတားကို ယာယီကူးလို့ရအောင်ပြင်ဆင်နေတယ်ပြောတယ်။ တစ်လမ်းလုံးလည်း လုံခြုံရေးအပြည့်ယူထားတယ်၊ အင်အားတော်တော်သုံးပြီး နေရာယူထားတယ်၊ တံတားပြင်နေချိန် ထပ်အတိုက်ခံရမှာစိုးလို့နဲ့တူတယ်” လို့ အဆိုပါ ကုန်တင်ယာဉ်မောင်းက ပြောပါတယ်။
အဆိုပါ တံတားမိုင်းခွဲတဲ့ဖြစ်စဉ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေကို ပြောထားပါတယ်။
ကျုံအိတ်တံတားဟာ ရန်ကုန်ကနေ မော်လမြိုင်၊ ဘားအံနဲ့ မြဝတီမြို့တို့ကို အဓိကသွားလာနေတဲ့ လမ်းပိုင်းပေါ်မှာရှိတဲ့ တံတားဖြစ်ပါတယ်။
ပုံစာ – မိုင်းခွဲခံရသော ကျုံအိတ်တံတား
Photo – Supplied
#Dailynews

