ရန်ကုန် – ၂၀၂၃ ဇွန် ၂၇ (မော်ကွန်း)
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ် ဆောနဲ့မင်းတပ်လမ်းပေါ်မှာ မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်တွေ အထိနာတာကြောင့် လေကြောင်းကဗုံးကြဲတိုက်ခိုက်ပေမယ့် ကာကွယ်ရေးအဖွဲ့တွေရော ဒေသခံတွေပါ ထိခိုက်မှုမရှိဘူးလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က မော်ကွန်းကိုပြောပါတယ်။
“မနေ့ကပို့တဲ့သတင်းအရတော့ ဂျက်သုံးစီးနဲ့ ခုနစ်ကြိမ် လာရောက်တိုက်ခိုက်တယ်။ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ထပ်မဖြစ်တော့ဘူးဗျ။ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်မှုတော့ မရှိဘူးခင်ဗျ။ ဒေသခံထိခိုက်တာလည်း မကြားရဘူးဗျ။ အကုန်လုံးရှောင်နေကြတယ်။ တိုက်ပွဲနဲ့နီးတော့လေ။ (ဒီနေ့တော့) စစ်ရေးတင်းမာနေတာတွေရှိတယ်” လို့ပြောပါတယ်။
မနေ့မနက် ၇ နာရီနဲ့ ၈ နာရီဝန်းကျင်ကတည်းက ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ကာ ဒီနေ့လယ်အထိ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲထပ်ဖြစ်လာနိုင်တယ်လို့ သူကပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာအနီးက ဒေသခံတွေက ကြိုတင်စစ်ရှောင်နေတာကြောင့် ဖမ်းခံရတာ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။
ချင်းနဲ့မကွေးတိုင်းအစပ်ကဒေသတွေမှာ အခုလ အစောပိုင်းကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား အနီးကပ်တိုက်ပွဲတွေ မကြာခနဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာများတယ်လို့ သိရပါတယ်။
ပုံစာ-မေ၂၅ ရက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေစဉ်
ဓာတ်ပုံ-CDF-Mindat
#Dailynews

