ရန်ကုန်-၂၀၂၃၊ ဇွန် ၂၆ (မော်ကွန်း)
မူးယစ်ဆေးဝါးတွေကို အရှိန်အဟုန်မြှင့်ဖမ်းဆီးအရေးယူသွားမယ်လို့ ဒီနေ့ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာ စစ်ကောင်စီကပြောနေပေမယ့်မူးယစ်ဆေးဝါးမှုနဲ့ဖမ်းဆီးခံရတယ်ဆိုတာမရှိသလောက်ရှားလာတယ်လို့ ရန်ကုန်ကမူးယစ်ဆေးဝါးရောင်းဝယ်သူတွေကပြောပါတယ်။
“အခုရန်ကုန်မှာမူးယစ်ဆေးဝါးမှုနဲ့ဖမ်းခံရတယ်ဆိုတာခင်ဗျားကြားမိလား၊ အကောင်ကြီးကြီးတွေက ဒီကောင်တွေ(ရဲတပ်ဖွဲ့)နဲ့ပေါင်းပြီးလုပ်တာ။ ရန်ကုန်မှာဖမ်းခံရတယ်ဆိုတာ ကအသေးစားရောင်းတဲ့ကောင်တွေပဲ။
အကောင်ကြီးတွေဖမ်းခံရတယ်ဆိုတာရှိကိုမရှိတာ” လို့ မူးယစ်ဆေးဝါးကိုယ်စားလှယ်ဖြန့်ချိပေးသူတစ်ဦးက ပြောပါတယ်။
မကြာသေးမီက တာမွေမြို့နယ်မှာ မူးယစ်ဆေးမှုနဲ့သူ့ရဲ့အသိမိတ်ဆွေတွေဖမ်းခံရတာရှိပေမယ့် ရဲတပ်ဖွဲ့ကို ကျပ်ငွေသိန်းတစ်ရာကျော်ပေးပြီးတဲ့နောက် ပြန်လွတ်လာခဲ့တယ်လို့သူကပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်ကိုတော့ “ခွဲခြားနှိမ့်ချကင်းစင်ဝေး၊ ကာကွယ်ရေးကို အလေးပေး၊ လူသားအားလုံးကျန်းမာရေး”လို့သတ်မှတ်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနေ့ကို အစိုးရအဆက်ဆက် နှစ်စဉ်ကျဉ်းပလာခဲ့သလို ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးကြတာတွေရှိပေမယ့် ရန်ကုန်မြို့မှာတော့ အရောင်းအဝယ်ကောင်းနေသလို ပစ္စည်းကလည်းလိုသလောက်ရနေတယ်လို့ ရန်ကုန်မြို့မူးယစ်ဆေးဝါးရောင်းသူ၊ ဝယ်သူ တစ်ချို့ထံမှသိရပါတယ်။
ရာဘဆေးပြားတစ်လုံးကို တစ်ထောင်ကျပ်၊ ဆေးခြောက်တစ်ဂရမ်ကို တစ်သောင်းကျပ်ဝန်းကျင်ဈေးပေါက်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ ဆင်းရဲချမ်းသာမရွေး ဝယ်ယူအသုံးပြုနိုင်တဲ့ ရာဘဆေးပြားတွေ ဒေသအခေါ်အဝေါ် (အသီး) ကတော့ ရောင်းအားအကောင်းဆုံးလို့ ဆိုပါတယ်။
“ကျွန်တော်က အသီးဆွဲတာ၊ အမြဲတမ်းတော့မဟုတ်ဘူး၊ အရက်မူးလာရင်တော့သုံးတယ်။ တစ်လုံးမှတစ်ထောင်ပဲရှိတာ။ လိုတိုင်းလည်းယူလို့ရနေတာဆိုတော့အဆင်ပြေတယ်။” လို့ မူးယစ်ဆေးဝါးအသုံးပြုသူတစ်ဦးကပြောပါတယ်။
ကုသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ ၂၀၂၁ အတွင်း ကမ္ဘာပေါ်မှာမူးယစ်ဆေးဝါး သုံးစွဲသူဦးရေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်ကထက် ၂၃ ရာခိုင်နှုန်းပိုများလာတယ်လို့ ဖော်ပြပါတယ်။
ကမ္ဘာတဝှမ်း လူ ၃၉ သန်းကျော်ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုရဲ့နောက်ဆက်တွဲဒဏ်တွေကို ခံစားနေရပြီး လူရှစ်ယောက်မှာ တစ်ယောက်သာကုသမှုခံယူနေရတယ်လို့ဖော်ပြပါတယ်။
ပုံစာ- ရာဘစိတ်ကြွဆေးပြားဒေသအခေါ်(အသီး) နဲ့တွဲဖက်အသုံးပြုသည့်ပစ္စည်းများအားခင်းကျင်းထားသည့်မြင်ကွင်း
Photo-Drug Policy Advocacy Group
#Dailynews

