ရန်ကုန်-၂၀၂၃ ဇွန် ၂၂ (မော်ကွန်း)
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်တွေက ဒီမနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ ကယောလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“စစ်ကြောင်းထိုးတာမျိုးမရှိဘူး၊ ဒီတိုင်းလာချ(ဗုံးကြဲ)သွားတာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ လာကြဲသွားလဲ အတိကျမသိဘူး။ ခန့်မှန်းခြေက မနက် ၁၂ နာရီခွဲမှာလာတယ်၊ တစ်နာရီခွဲလောက်မှာ ပြန်သွားတယ်။ သုံးကြိမ်ကြဲတယ်။ လူနေအိမ်သုံးလုံးတော့ ထိခိုက်သွားတယ်။ လူကတော့ မထိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဗုံးကြဲခဲ့တဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေမရှိသလို စစ်ကြောင်းထိုးတာတွေလည်းမရှိဘူးလို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာ ဗုံးကြဲခံရတဲ့ကျေးရွာကဒေသခံ သုံးရာဝန်းကျင် နီးစပ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပက်သပ်ပြီး သတင်းတစ်စုံတစ်ရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ပုံစာ-ဒီနေ့မနက်အစောပိုင်းကစစ်ကောင်စီလေတပ်ရဲ့ဗုံးကြံခံရလို့ ပျက်စီးသွားတဲ့ နေအိမ်များ
Photo-supplied
#Dailynews

