ဘဏ်တွေအပြင် KPay နဲ့ Wave money အွန်လိုင်းငွေလွှဲဝန်ဆောင်မှုတွေကပါ ငွေသားထုတ်ယူမှုကိုကန့်သတ်လာ

ဘဏ်တွေအပြင် KPay နဲ့ Wave money အွန်လိုင်းငွေလွှဲဝန်ဆောင်မှုတွေကပါ ငွေသားထုတ်ယူမှုကိုကန့်သတ်လာ

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၁ (မော်ကွန်း)

ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ယူတာကို ကန့်သတ်မှုတွေပြုလုပ်လာပြီးနောက် Kpay နဲ့ Wave money အွန်လိုင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကလည်း ငွေကြေးထုတ်ယူမှုတွေကို ကန့်သတ်လိုက်တယ်လို့ အဲဒီ့လုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။

လက်ရှိမှာ Kpay ၊ Wave money စင်တာတွေနဲ့ ကိုယ်စားလှယ်ဆိုင်တွေမှာ ငွေသားထုတ်ပေးတာကို လူဦးရေ ကန့်သတ်ချက်နဲ့ပဲ ထုတ်ပေးတော့တယ်လို့ အဲဒီဝန်ဆောင်မှုတွေကိုအသုံးပြုနေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့ပြင် မနေ့စပြီးတော့ Kpay စင်တာတွေမှာ ငွေသားထုတ်ယူရာမှာ တစ်ရက်ကို လူဦးရေ ၅၀ ၊ တစ်ဦးကို ငွေကျပ် သိန်း ၂၀ ထိပဲ အများဆုံးထုတ်ပေးတော့တယ်လို့ Kpay ကိုယ်စားလှယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“အခုက ဆန်လိုမျိုးပဲ၊ ဂယောက်ဂယက်ဖြစ်စဉ်တွေကြားလာတော့ သူတို့ လူဦးရေကိုကန့်သတ်လိုက်တယ်။ Kpay စင်တာကြီးတွေကိုက ကန့်သတ်လိုက်တာ” လို့ ၎င်းက ပြောပါတယ်။

Wave Money ဝန်ဆောင်မှုတွေကိုလည်း မနေ့ကစပြီး ရပ်တန့်လိုက်ပြီး Wave Money ရဲ့ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံတွေကလည်း ကိုယ်စားလှယ်ဆိုင်တွေဆီကို ငွေသားမချပေးတော့ဘူးလို့ ကိုယ်စားလှယ်လုပ်ကိုင်သူတချို့က ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေအနေနဲ့လည်း ဘဏ်မှာရှိနေတဲ့ ငွေပမာဏအပေါ်မူတည်ကာ တစ်ရက်ကို ကျပ် ၁၀ သိန်းကနေ သိန်း ၅၀ ထိပဲ ကန့်သတ်ကာ ထုတ်ပေးနေတာပါ။

စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ဗဟိုဘဏ်ကတော့ မနေ့က ပြည်တွင်းကပုဂ္ဂလိကဘဏ်ပိုင်ရှင်တွေကို နေပြည်တော်မှာခေါ်ယူတွေ့ဆုံခဲ့ပြီး ဘဏ်တွေအနေနဲ့ သတ်မှတ်စည်းကမ်းတွေလိုက်နာဖို့၊ ပြည်သူလူထုအနေနဲ့ မလိုအပ်ဘဲငွေကြေးအမြောက်အမြားထုတ်ယူတာ၊ ကောလာဟလသတင်းတွေအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူတာတွေ မလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် အဲဒီအစည်းအဝေးမှာ စစ်ကောင်စီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ဘဏ်တွေကို သတ်မှတ်စည်းကမ်းမဖောက်ဖျက်ဖို့သတိပေးလိုက်ပြီး စည်းကမ်းတွေဖောက်တာဟာ နိုင်ငံရဲ့ စီးပွားရေးမူဝါဒကို ထိပါးလာတာကြောင့် စစ်ကောင်စီအနေနဲ့ ကြီးကြပ်နေတာဖြစ်တယ်လို့လည်း ထည့်သွင်းပြောခဲ့ပါသေးတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေဟာ ယခုလဆန်းပိုင်းကစတင်ကာ ငွေသားထုတ်ယူမှုကိုကန့်သတ်လာတာဖြစ်ပြီး ယခင်က Special Account ဆိုတဲ့ သီးသန့်အကောင့်ကနေ ငွေကျပ် သိန်း ၅၀ ထိ ငွေထုတ်လို့ရနေပေမယ့် ဒီရက်ပိုင်းမှာတော့ အများဆုံး သိန်း ၂၀ ထိပဲ ထုတ်ပေးတော့တာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ငွေကြေးဈေးကွက် လေ့လာသူတစ်ဦးကတော့ “ဒစ်ဂျစ်တယ်နဲ့ပဲ သွားချင်လို့ ငွေသားကို ကန့်သတ်တာဆိုရင် ဒစ်ဂျစ်တယ်ကိုလည်း ပိုပြီးကျယ်ပြန့်အောင် ဖွင့်ပေးရမှာပေါ့။ အခုက အဲဒီလိုမဟုတ်ဘဲ အကုန်တင်းကျပ်ထားတဲ့အခြေအနေက ပြည်သူတွေ ပိုပြီးစိုးရိမ်စိတ်များလာတယ်။ ဘဏ်တွေကို စိတ်ချယုံကြည်မှုတွေ အားနည်းလာတာတွေက နောက်ဆက်တွဲတွေရှိလာနိုင်ပါတယ်” လို့ သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ ယခုလ ၁ ရက်ကလည်း ရိုးမ၊ ဧရာဝတီ၊ UAB ၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် စတဲ့ဘဏ် ခုနစ်ခုကို ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် အိမ်ရာချေးငွေတွေ ထုတ်ချေးခဲ့တဲ့အတွက် အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ – Kpay Application သုံးစွဲနေသူတစ်ဦး
ဓာတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."