ရန်ကုန်-၂၀၂၃၊ ဇွန် ၁၉ (မော်ကွန်း)
ထောင်ဒဏ် နှစ် ၃၀ ကျော်ချ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ အသက် ၇၈ နှစ်ပြည့်ပါတယ်။ မြန်မာနိုင်ငံဒီမိုကရေရစီရေးမှာ သူပါဝင်ခဲ့တဲ့ ကုန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကာလရဲ့ သုံးပုံနှစ်ပုံလောက်ကို လူထုခေါင်းဆောင်ဟာ စစ်အာဏာရှင်တွေရဲ့ဖမ်းဆီးနှိပ်စက်တာကိုခံရင်း အချိန်ကုန်ခဲ့ရတာပါ။
အခုတော့ အကျဉ်းစံသူ့ဘဝရဲ့ ဒီနေ့ကျရောက်လာတဲ့ ၇၈ နှစ်ပြည့် မွေးနေ့ကို ပြည်တွင်း၊ပြည်ပ ကမ္ဘာအနှံ့မှာ သူ့ကိုချစ်ခင်ထောက်ခံသူတွေက ကျင်းပနေကြတာပါ။
အာဏာသိမ်းစစ်ကောင်စီလွှမ်းမိုးတဲ့နေရာတွေမှာ ကျင်းပတဲ့ သူ့မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲနေသူတွေကို ဖမ်းဆီးနေတာရှိသလို အွန်လိုင်းပေါ်ကလှုပ်ရှားမှုတွေကိုလည်း စစ်ကောင်စီထောက်ခံသူတွေက စောင့်ကြည့်ကာ ဖမ်းဆီးခိုင်းနေတာတွေ ဒီနေ့ဖြစ်ပေါ်နေပါတယ်။
ဒီလိုတားမြစ်မှုတွေရှိနေတဲ့ကြားက တချို့လူငယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ ပြန်လာတာကို လိုချင်ကြတယ်လို့ ဆိုကြပါတယ်။ အောက်မှာ လူငယ်တချို့ရဲ့အသံကို စုစည်းဖော်ပြလိုက်ပါတယ်။
ပခုက္ကူမြို့နယ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။
“ အမေ့ကို ပြောချင်တာကတော့ ကျွန်တော်တို့ အမေဖြစ်စေချင်တဲ့အတိုင်း အမှန်တရားဘက်မှာရှိနေပါတယ်။ အခုလိုမတရားထောင်ဒဏ်ချမှတ်ခံထားရချိန်မှာ အမေနဲ့အတူ ကျွန်တော်တို့ အတူတူရှိနေပါတယ်။ အထဲမှာလည်းကျန်းကျန်းမာမာရှိပါစေ။ အမေပြန်လွတ်မြောက်လာခဲ့သည်ရှိသော် အမေ့ကို ကျန်းကျန်းမာမာနဲ့မြင်ချင်တယ်။ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကိုလည်း
မြင်သွားစေချင်တယ်”
အမေရိကန် ပြည်ထောင်စုရောက် လူငယ်တစ်ဦး။
“ အရေးကြီးဆုံးကတော့ ကျန်းကျန်းမာမာရှိဖို့ပဲ ဆုတောင်းချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်နိုင်ငံလုံးအတွက် တရားဘက်တော်သား၊ အမှန်တရားဘက်တော်သားတစ်ယောက်အနေနဲ့ စံနမူနာတစ်ယောက်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲအဖျက်အနှောက်တွေရှိနေပါစေ သူ့ခံယူချက်က ပြတ်သားတယ်၊ ရိုးရှင်းတယ်။ ဒါတွေက ကျွန်တော်အတုယူရတဲ့ အချက်ပါပဲ။ သူ့အသက်အရွယ်ဟာ ၇၈ နှစ် ရောက်ပြီဆိုတော့ နိုင်ငံတကာမှာဆို ပင်စင်ယူတဲ့အရွယ်ထက်တောင်ကျော်နေပြီပေါ့ ။ အဓိကကတော့ သူဖြစ်စေချင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်သွားစေချင်တယ်။ အမြန်ဆုံးလွတ်မြောက်ပါစေ။ အမြန်ဆုံးတရားမျှတမှုရပါစေလို့ပဲဆုတောင်းချင်ပါတယ်”
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နေသူတစ်ဦး။
“ မွေးနေ့မှာ မွေးနေ့ရှင်ကို လူကိုယ်တိုင်မမြင်ရပေမယ့် အမေကျန်းကျန်းမာမာရှိပါစေ၊ ဖမ်းဆီးထိန်းသိမ်းခံထားရကနေ အမြန်ဆုံးလွတ်မြောက်ပါစေ၊ ရန်အပေါင်းမှကင်းဝေးပါစေ၊ မွေးနေ့ရှင်မရှိဘဲ မွေးနေ့တွေကျင်းပရခြင်းကနေ အမြန်ဆုံးကင်းလွတ်ပါစေလို့ဆုတောင်းပါတယ်ရှင်”
ရန်ကုန်မြို့၊ တာမွေမြို့ နယ်နေသူတစ်ဦး။
“ မတရားဖမ်းဆီးခံထားရာကနေ အမြန်ဆုံးလွတ်မြောက်ပါစေ၊ သူချစ်တဲ့သူတွေနဲ့လည်း အမြန်ဆုံးပြန်တွေ့နိုင်ပါစေ၊အခုလိုမျိုး သေနတ်ပြ၊ ကျည်ဆံပြနေတဲ့သူတွေလိုမဟုတ်ဘဲ ပြည်သူတွေအားလုံးက ချစ်ခင်ကြပြီး ဆုတောင်းပေးနေ ကြပါတယ်။ ကျန်းကျန်းမာမာရှိပါစေ။ အမေဟာကျွန်မတို့ အားလုံးအတွက်ထာဝရ ပြည်သူ့မိခင်ပါပဲ”
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်နေသူတစ်ဦး။
“ တော်လှန်သောမွေးနေ့ပါ။ အမေစု သက်တော်ရာကျော်ရှည်ပါစေ။ ကျန်းကျန်းမာမာရှိပြီးအနှောင်အဖွဲ့တွေက နေကင်းလွတ်ပါစေ။ ဒီနေ့အိမ်ရဲ့ဘုရားစင်အမေစုအမြဲပန်ဆင်တဲ့ နှင်းဆီပန်းအနီရောင်လေးကပ်ထားပါတယ်။ အခုချိန်ဟာအမေစုအတွက် ခက်ခဲကြမ်းတမ်းမယ်လို့သိပေမယ့် ပြည်သူတွေကပေးပို့တဲ့မေတ္တာကြောင့် အမေစုသက်ရှည်ကျန်းမာပါစေ။ ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပါ”
ပုံစာ- စစ်တပ်ကအာဏာသိမ်းပြီးနောက် လှည်းတန်းဂုံးကျော်တံတားအောက်တွင်ဒေါ်အောင်ဆန်းစုကြည်ပိုစတာဓာတ်ပုံချိတ်ဆွဲပြီးဆန္ဒထုတ်ဖော်နေကြသည့်မြင်ကွင်း။
#Dailynews

