ရန်ကုန် -၂၀၂၃ ဇွန် ၁၈ (မော်ကွန်း)
မနက်ဖြန်မှာကျရောက်မယ့် အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ဒီနေ့မှာစတုဒီသာအလှူကျွေးမွေးခဲ့သလို သူကျန်းမာပါစေကြောင်း ဆုတောင်းခဲ့ကြတယ်လို့ အဲဒီထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
” ၃ ဆောင်မှာကျတော့ လက်ဖက်ရည်နဲ့မုန့်ပေါ့။ အခြားအဆောင်တွေမှာလည်း ခေါက်ဆွဲကြော်တို့ ဘာတို့ ကျွေးတယ်။ ၁၉ ရက်နေ့မှာ လူကြီးလမ်းကြောင်းရှိတယ်ဆိုလို့ အခုလိုကြိုလုပ်လိုက်ကြတာပေါ့ ” လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ဒီနေ့ ပြောပါတယ်။
ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့မေလနှောင်းပိုင်းကစပြီး အာဏာပိုင်တွေက ညှင်းပန်းနှိပ်စက်တာ၊ ထောင်ပြင်ခေါ်ထုတ်စစ်မေးတာ၊ တချို့ကို အိပ်ဆောင်တွေမှာမထားဘဲ တိုက်ပိတ်ထားတာတွေ လက်ရှိအချိန်အထိဖြစ်ပွားနေတဲ့ကြားက နိုင်ငံရေးအကျဉ်းသားတွေက အခုလိုကျင်းပခဲ့တာပါ။
အဲဒီထောင်မှာ အကျဉ်းသား ၁,၇၀၀ ခန့်ရှိပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့အခြားနေရာဒေသတွေမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ မနက်ဖြန်ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုအဖြစ် ဆုတောင်းပွဲတွေ ကျင်းပနေပြီး ဇွန် ၁၉ မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားပါတယ်။
#Dailynews

