စစ်တွေ – ၂၀၂၃ ဇွန် ၁၆ (မော်ကွန်း)
မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှာ ကျောင်းတွေစဖွင့်တာ လဝက်ကျော်လာပေမယ့် အပျက်အစီးတွေကြားထဲ စာသင်နေကြရဆဲပဲလို့ ကျောင်းဆရာတွေနဲ့ အကူအညီပေးရေးလုပ်နေသူတွေကပြောပါတယ်။
စစ်ကောင်စီဟာ ကျောင်းဖွင့်ရာသီအစ ပြီးခဲ့တဲ့ ဇွန် ၁ ရက်မှာ ရခိုင်ပြည်နယ်ကကျောင်းတွေအားလုံး ပြန်ဖွင့်ရမယ်လို့အမိန့်ထုတ်ထားပေမယ့် မိုခါမုန်တိုင်းဒဏ်သင့်လို့ စာသင်ကျောင်းတွေအများအပြားပျက်စီးခဲ့ရပြီး ပြန်မပြင်နိုင်သေးတဲ့ကျောင်းတွေရှိနေပါသေးတယ်။
“သရွဲရွာကမူလတန်းကျောင်းကိုမနေ့ကကျွန်တော်ရောက်ခဲ့တယ်၊ အဲဒီ့ကျောင်းမှာ ခေါင်မိုးလန်သွားတာ။ အခုထိဒီတိုင်းပဲဘာမှတောင်မပြင်ရသေးဘူး။ တာပေါ်လင်တွေမိုးပြီးဖြစ်သလို သင်နေကြတယ်” လို့ ပေါက်တောမြို့နယ်မှာ အကူအညီပေးရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။
မြောက်ဦးမြို့နယ်မှာဆိုရင်လည်း စာသင်ကျောင်းတွေပျက်စီးသွားလို့ အခုထိမပြင်နိုင်သေးတဲ့စာသင်ကျောင်းတွေ လည်းရှိတယ်လို့ မြောက်ဦးမြို့နယ်၊ အုက္ကံကျေးရွာက ကျောင်းဆရာတစ်ဦးကပြောပါတယ်။
“မြောက်ဦးမြို့နယ်၊ အုက္ကံကျေးရွာမှာဆို ကျောင်းနှစ်ကျောင်းရှိတယ်။ တစ်ကျောင်းကလုံးဝပျက်သွားပြီး၊ တစ်ကျောင်းကမပျက်ဘူး။ ပျက်တဲ့အဆောင်ကိုတော့ဒီတိုင်းထားပြီး ဘုန်းကြီးကျောင်းတွေမှာ ကလေးတွေကို စာသင်ပေးနေရတယ်။ ဒီလကုန်ကြရင်တော့ ရန်ကုန်ကအင်ဂျင်နီယာတွေလာပြီးဆောက်လုပ်ပေးမယ်လို့တော့ ကြားတယ်”လို့ သူကပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က စာသင်ကျောင်းပေါင်း ၁,၅၃၈ ပျက်စီးခဲ့ပြီး လုံးဝမပြင်ဆင်ရသေးတဲ့ ကျောင်းပေါင်း ၁၇၃ ကျောင်းရှိတယ်လို့ စစ်ကာင်စီရဲ့ ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကသူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေရေးသားဖော်ပြပါတယ်။
အဲဒီထဲကမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းပေါင်း ၁၄၆ ကျောင်းကိုပြန်ပြင်နိုင်ခဲ့ပြီး ၉၄၉ ကျောင်းကိုတော့ပြုပြင်နေဆဲပဲလို့ဆိုပါတယ်။ ဆိုလိုတာကတော့ ရခိုင်ပြည်နယ်ရဲ့ အခြေခံပညာကျောင်းပေါင်း အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းအောက်ပဲ ပြန်လည် ပြုပြင်နိုင်သေးတဲ့သဘောပါ။
မုန်တိုင်းဒဏ်ကိုပြင်းထန်စွာခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေကို အခုလိုအလောတကြီးမဖွင့်သင့်ဘဲ လအနည်းငယ်အချိန်ယူပြီး မှ ဖွင့်သင့်တယ်လို့ ကျောင်းဆရာတွေကသုံးသပ်ပါတယ်။
ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ဌေးကတော့ “ အခုက ကျောင်းတွေကပြားပြားဝပ်ပျက်စီးသွားတာ။ ဒီမှာက အပျက်အစီးတွေကြားထဲမှာ ဖြစ်သလိုသင်နေကြရတာ။ မြန်မာ့နည်းမြန်မာ့ဟန်ပေါ့ဗျာ။ အခုကုမ္ပဏီတွေခေါ်ပြီး ကျောင်းတွေကို ပြင်ဆင်ဖို့လုပ်နေတာတွေတော့ရှိတယ်။ အဓိကကတော့ အခုချိန်ဟာမိုးရာသီလည်းဖြစ်တယ်၊ နောက်ပြီးအလုပ်သမားမလုံလောက်မှုတွေလည်းရှိတယ်၊ ကုန်ဈေးတွေကလည်းတက်နေတယ်။ ကျွန်တော်ထင်တယ် ကျောင်းတွေအားလုံး ပြင်ဆင်ဖို့ဆိုတာ ဒီစာသင်နှစ်တစ်နှစ်စာလောက်ကုန်သွားနိုင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်ကစတင်ဝင်ရောက်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က ကျေးရွာ၂,၀၀၀ ကျော်ရှိ နေအိမ်အလုံးနှစ်သိန်းရှစ်သောင်းကျော်လုံးဝပျက်စီးသွားခဲ့ပြီး ရခိုင်ပြည်နယ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အရေးပေါ်စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဇွန်လ ၁၄ မှာထုတ်ပြန်ပါတယ်။
ပုံစာ- မိုခါမုန်တိုင်းကြောင့် အမိုးအကာတွေပျက်စီးသွားတဲ့မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာမှအလယ်တန်းကျောင်းမြင်ကွင်း
Photo – Supplied
#Dailynews

