ရန်ကုန်- ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း)
ငှားရမ်းနေထိုင်သူတွေထဲမှာ သူတို့ကိုတော်လှန်သူတွေပါနေခဲ့ရင် အိမ်ကိုသိမ်း၊ လူကိုပါ အကြမ်းဖက်အားပေးအဖြစ် အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီးနောက် ရန်ကုန်ရဲ့အိမ်ရှင်/အိမ်ငှားတွေကြား အခက်တွေ့ကုန်ကြတယ်လို့ အိမ်ပိုင်ရှင်နဲ့ ငှါးရမ်းနေထိုင်သူတချို့က ပြောပါတယ်။
အကြမ်းဖက်သမားတွေဟာ အဆောင်တွေ၊ နေအိမ်တိုက်ခန်းတွေကိုငှားရမ်းပြီး နေထိုင်လုပ်ငန်း လုပ်ကိုင်နေကြသလို အိမ်ပိုင်ရှင်တွေဟာလည်း စိစစ်မှုမရှိဘဲ လက်ခံထားတာတွေရှိနေတဲ့အတွက် နောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကိုမိရင် ငှားရမ်းထားတဲ့အိမ်ကိုပါ ဘဏ္ဍာအဖြစ်သိမ်းမယ်လို့ ဒီနေ့ထုတ်စစ်ကောင်စီရဲ့သတင်းစာတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်တာပါ။
ဒါ့အပြင် အိမ်ရှင်တွေအနေနဲ့ ငှားရမ်းသူတွေရဲ့ အချက်အလက်အသေးစိတ်ကို တောင်းယူကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ရမယ်လို့ဆိုပြီး မလုပ်ထားရင် အိမ်ရှင်ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူမယ်လို့လည်းဆိုပါတယ်။
“ အဓိကကတော့ လာသမျှလူအားလုံးကို ဘာအလုပ်လုပ်လဲ၊ ဝန်ထမ်းတွေလား စသဖြင့်အရင် မေးရတယ်။ တစ်ခုခုပြဿနာတက်ရင် အန်တီတို့လည်းဒုက္ခရောက်မှာလေ။ အခုက အိမ်ပါသိမ်းမှာဆိုတော့ ခက်တော့ခက်သားပဲ” လို့ ဗဟန်းမြို့နယ်က အိမ်ငှါးရမ်းသူတစ်ဦးက ဒီနေ့လယ်ပိုင်းတုန်းက ပြောတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ရန်ကုန်မြို့ကအဆောင်တွေ၊ အိမ်ငှားသူတွေကို အခုလိုကန့်သတ်လိုက်ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတချို့မှာလည်း အိမ်၊ တိုက်ခန်း အရောင်း/အဝယ်/ အငှါး/ စာချုပ်ချုပ်ဆို သူတွေဟာ ရပ်ကွက်ရုံးကို လူကိုယ်တိုင်လာရောက်အကြောင်းကြားရမှာဖြစ်ပြီး ရုံးမှာစာမချုပ်ရင် ဧည့်စာရင်းမထုတ်ပေးဘူးလို့ ဒီနေ့မှာသတိပေးစာတွေ ကပ်ထားတာကိုတွေ့ရပါတယ်။
“ ကျွန်တော်တို့ ပြီးခဲ့တဲ့လကမှ အိမ်ရသွားတာ။ သူငယ်ချင်းတွေနဲ့အတူတူ ဂျပန်စာသင်တန်းတက်မယ်ဆိုပြီး ရန်ကုန်လာကြတာ။ စငှါးတုန်းကတော့ အိမ်ရှင်ကမေးတယ်။ ဘယ်ကလဲ၊ ဘာအလုပ်လုပ်တာလဲ၊ ဟိုအဖွဲ့၊ ဒီအဖွဲ့နဲ့ ဆက်စပ်တာ ရှိလားဆိုပြီး မေးတယ်။ ကျွန်တော်တို့တွေက ယောကျာ်းလေးတွေ ဖြစ်နေတာလည်းပါမယ်။ ကျွန်တော်တို့နယ်ကနေ ဒီမှာသင်တန်းလာတက်တာပါလို့၊ ဘာမှရှုပ်ရှုပ်ရှက်ရှက်မရှိပါဘူးလို့ သေချာပြောပြပြီးတော့မှရတယ်။ အခုအိမ် မရခင်တုန်းကလည်း အချိန်တော်တော်ကြာသွားတယ်၊ ဘယ်သူမှလက်မခံကြလို့” လို့ ရန်ကုန်မှာ သင်တန်းတက်ဖို့ ဧရာဝတီတိုင်းကနေ လာရောက်ငှားရမ်းနေသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေးအများဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာ အဆောင်၊ တိုက်ခန်းငှါးသူတွေဟာ ရပ်ကွက်ရုံးမှာ နှစ်ပတ်တစ်ကြိမ် ပုံမှန်ဧည့်စာရင်း တိုင်ရပြီး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာတော့ ဧည့်စာရင်းတိုင်ရင် မှတ်ပုံတင်၊ နယ်ကသန်းခေါင်စာရင်းနဲ့ ဓာတ်ပုံတစ်ပုံပေးရတယ်လို့ ငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။
ရန်ကုန်မှာ အဆောင်၊ အခန်း ငှားရမ်းခတွေကတော့ အစားစားရှိပြီး အနည်းဆုံး ကျပ်လေးသောင်းကနေ သိန်းဂဏန်းအထိ ရှိတယ်လို့ အဆောင်ပိုင်ရှင်တွေနဲ့ ငှားရမ်းနေထိုင်သူတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သူတို့ရဲ့ ရန်ကုန်တိုင်းစစ်ဒေသ PDF တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းလိုက်ပြီးလို့ ပြီးခဲ့တဲ့လနှောင်းပိုင်းက ကြေညာပြီးတဲ့နောက် ရန်ကုန်မြို့မှာ ဧည့်စာရင်း စစ်ဆေးတာတွေ၊ အမျိုးသားအဆောင်စီးနင်းမှုတွေ၊ လုံခြုံရေးတိုးမြှင့်တာတွေကို စစ်ကောင်စီဘက်က လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက်တုန်းကလည်း ကမာရွတ်မြို့နယ်ကအဆောင်တစ်ခုကို စစ်ကောင်စီကစီးနင်းခဲ့ပြီး လူငယ်နှစ်ဦးကိုဖမ်းဆီးခဲ့ကာ သူတို့ဟာ စစ်ကောင်စီကိုထောက်ခံသူ အဆိုတော်လီလီနိုင်ကျော်ကိုသတ်ဖြတ်သူတွေလို့ စွပ်စွဲထားပါ တယ်။
“ ဧည့်စာရင်းကြောင့် နေရထိုင်ရခက်တဲ့အပြင် အခု အိမ်ရှာရတာပါခက်သွားတာပေါ့။ တကယ်တော့ အိမ်ရှင်တွေနဲ့မဆိုင်ပါဘူး။ သပ်သပ်ဆွဲထည့်ပြီး ခြိမ်းခြောက်တာပါ။ သူတို့ လုပ်နေကျအတိုင်း ပြည်သူကိုအကြောက်တရား ထည့်ပြီး ကျွန်တော်တို့နဲ့မပူးပေါင်းအောင် ခွဲထုတ်တာမျိုး” လို့ ရန်ကုန်မြို့မှာ စစ်ကောင်စီကို တော်လှန်နေတဲ့ ဗဟန်းမြို့နယ််ပျောက်ကျားတပ်ဖွဲ့ (BPDF) ရဲ့တာဝန်ခံက ပြောပါတယ်။
ပုံစာ- သုဝဏ္ဏမြို့နယ်အတွင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာအိမ်ရှင်/အိမ်ငှါးများထံအသိပေးစာကပ်ထားသည့်မြင်ကွင်း။
Photo-Mawkun
#Dailynews

