ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာခွင့်တွေနဲ့ အလုပ်သမားတွေကို ပြည်ပစေလွှတ်မှုတွေကို ကန့်သတ်လာတယ်ဆိုတဲ့ သတင်းတွေကို စစ်ကောင်စီ လဝကက ငြင်းဆိုလိုက်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ ပြည်ပထွက်ခွာခွင့်တွေကို ကန့်သတ်ချက်တွေ၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာမရှိဘူးလို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒီနေ့မနက်ပိုင်းမှာ နိုင်ငံပိုင်ဝါဒဖြန့်မီဒီယာတွေကနေ ထုတ်ပြန်လာတာပါ။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်တွေအပါအဝင် နယ်စပ် ဝင်/ထွက် ဂိတ်တွေမှာလည်း ပုံမှန်အတိုင်း စနစ်တကျခွင့်ပြုပေးနေတယ်လို့ဆိုပါတယ်။
ကိုရီးယားနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ အလုပ်အကိုင်အေဂျင်စီလုပ်ကိုင်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် ပြည်ပထွက်ခွာလိုသူတွေ အခုရက်ပိုင်းမှာ ပိုများလာတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်ထိတော့ စစ်ကောင်စီဘက်က ညွှန်ကြားချက်တစ်စုံတစ်ရာ မထုတ်ပြန်ထားသေးလို့ အလုပ်သမားစေလွှတ်မှုတွေကို ပုံမှန်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်
“ကျွန်တော်တို့ဆီမှာတော့ ခေါ်စာကျပြီးသားတွေ ပုံမှန်ပဲ သူ့အသုတ်နဲ့သူ လွှတ်ပေးနေတယ်။ အခုမှ လျှောက်တာတွေလည်းရှိတယ်။ တရားဝင်ဘာမှ ညွှန်ကြားတာမရှိသေးတော့ ပုံမှန်ပဲ လက်ခံပေးနေပါတယ်” လို့ ကိုရီးယားနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အလုပ်ခေါ်စာအသစ်တင်တာတွေကို ယာယီရပ်နားခဲ့တာကြောင့် ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်သူတွေ စိုးရိမ်မှုတွေရှိလာပြီး အခုလိုသတင်းတွေထွက်ပေါ်လာတာလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“တစ်ရက်တည်းပဲ ရပ်လိုက်တာ။ ပုံစံပြောင်းသွားတယ်။ အခုက လဝက ထုတ်ပေးတဲ့ စလစ်ပါ တိုးလာတယ်။ အခုတော့ ပြန်တင်ခွင့်ပြုနေပါပြီ” လို့ အဲ့ဒီ အေဂျင်စီလုပ်ကိုင်သူက ပြောပါတယ်။
လက်ရှိမှာ ပြည်ပကို ထွက်ခွာမယ့်သူတွေဟာ လဝကက က နိုင်ငံသားဆိုင်ရာအချက်အလက်တွေကို Biometric စနစ်နဲ့ အချက်အလက်စစ်ဆေးပြီးကြောင်းစလစ်ပါ ထပ်တိုးတင်ပြရမှာဖြစ်ပြီး ပြည်ပကို အလုပ်အကိုင်နဲ့ထွက်ခွာမယ့်သူတွေ မဖြစ်မနေလုပ်ရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ဗီဇာလာရောက်လျှောက်ထားသူ များပြားတာကြောင့် တစ်ရက်ကို ဗီဇာလျှောက်ထားသူ လူဦးရေ ၄၀၀ ကိုပဲ လက်ခံမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက မနေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။
တော်လှန်ခုခံစစ်တွေ တစ်နိုင်ငံလုံးဖြစ်ပွားနေတာကြောင့် စစ်မျက်နှာကျယ်ပြန့်လာတဲ့ စစ်ကောင်စီဟာ အသက် ၁၈ ပြည့်သူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုလ ၁၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။
အဆိုပါ ဥပဒေအရ လစဉ် စစ်မှုထမ်း ၅, ၀၀၀ ဦး ခေါ်ယူသွားမှာဖြစ်ပြီး တစ်နှစ်ကို စစ်မှုထမ်း ၆၀,၀၀၀ ဦးရေ ခေါ်ယူသွားမယ်လို့လည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။
ပုံစာ – ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအရှေ့မှာ စောင့်ဆိုင်းနေကြသူများ
ဓာတ်ပုံ – မော်ကွန်း

