ရန်ကုန် – ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း)
ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့မော်တော်ကားတွေအတွက် ကားအစိတ်အပိုင်းတင်သွင်းမှုတွေကို အကောက်ခွန်လျှော့ချလိုက်ပေမယ့် ကားဈေးကွက်အပြောင်းအလဲမရှိနိုင်ဘူးလို့ ကားရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့အကောက်အခွန်ဦးစီးဌာနဟာ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်မယ့်
တစ်စိတ်တစ်ပိုင်းတပ်ဆင်ကား (SKD) ကားတွေကို အခွန်ကောက်ခံမှုကို ယခင် ၅ ရာခိုင်နှုန်းအစား ၃ ရာခိုင်နှုန်းအဖြစ် လျှော့ချလိုက်ပြီး အလုံးစုံတပ်ဆင်ကား (CKD) ကားတွေကိုတော့ အခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအဖြစ် လျှော့ချလိုက်တယ်လို့ ယခုလ ၁၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ အကောက်အခွန်နှုန်းထားတွေကို ၂၀၂၄ မေ ၃၁ ရက်အထိ ဖြေလျော့ပေးလိုက်တယ်လို့ ကြေညာထားတာပါ။
ရန်ကုန်မြို့က ကားတင်သွင်းရောင်းချသူတစ်ဦးကတော့ ဒေါ်လာဈေးမြင့်တက်နေပြီး ကားအစိတ်အပိုင်းတွေတင်သွင်းရတဲ့ အခက်အခဲတွေကြောင့် ကားဈေးကွက် ယခင်အတိုင်းအပြောင်းအလဲမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။
“ဘာမှသိပ်မထူးသွားဘူး၊ SKD ကားတွေက အရင်တည်းက အခွန်နဲ့တင်သွင်းခွင့်အခက်အခဲတွေကြောင့် ရပ်နေတာကြာပြီ၊ ဒေါ်လာနဲ့တင်သွင်းတာကြောင့် ဒေါ်လာဝယ်မရတာနဲ့ တင်သွင်းမရတာတွေရှိတယ်၊ အခုငွေဈေးနဲ့က တင်သွင်းလည်း ဈေးကပြန်ကျဖို့မရှိသေးဘူး” လို့ သူက ပြောပါတယ်။
ပြည်တွင်းမှာ မော်တော်ကား တပ်ဆင်ထုတ်လုပ်နေတဲ့ကားကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ က ကားအစိတ်အပိုင်းတင်သွင်းရတဲ့ အခက်အခဲတွေကြောင့် ရပ်နားခဲ့ရမှုတွေရှိပြီး ကားဈေးတွေဟာလည်း မြင့်တက်ခဲ့ပါတယ်။
လက်ရှိမှာ SKD၊ CKD စနစ်နဲ့ တင်သွင်းလာတဲ့ ကျပ် သိန်း ၄၀၀ ဝန်းကျင်ကားတစ်စီးကို သိန်းထောင်ဂဏန်းအထိ ဈေးမြင့်တက်နေတာဖြစ်ပြီး အကောက်အခွန်လျှော့ချရုံနဲ့ ကားဈေးမကျနိုင်ဘူးလို့ ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက သုံးသပ်ပါတယ်။
“အခုက အကောက်အခွန်တစ်ခုပဲ လျှော့လိုက်တာ၊ လိုင်စင်ခွန်တွေ၊ ဝင်ငွေခွန်တွေ ထည့်တွက်ရင် ဘာမှသိပ်မထူးပါဘူး၊ ကားဈေးကျဖို့ဆိုရင် ကားတင်သွင်းခွင့်မူဝါဒတစ်ခုလုံးပြောင်းမှ ကားဈေးကျပြီး ဈေးကွက်ပြန်ကောင်းလာမှာပေါ့၊ အခုက သိပ်မထူးပါဘူး” လို့ သူက ပြောပါတယ်။
လက်ရှိ အကောက်အခွန်နှုန်း ဖြေလျှော့ပေးမှုမှာ လူစီးကားတွေအပြင် လုပ်ငန်းသုံး ဘတ်စ်ကား၊ ကုန်တင်ကား၊ သုံးဘီးဆိုင်ကယ်နဲ့ မော်တော်ဆိုင်ကယ်တွေလည်းပါဝင်နေတယ်လို့ အကောက်ခွန်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်သုံးယာဉ် (EV) နဲ့ ကားအစိတ်အပိုင်းတင်သွင်းမှုတွေအတွက် အခွန်ကင်းလွတ်ခွင့်ကို ပြီးခဲ့တဲ့ဧပြီလက ခွင့်ပြုခဲ့ပါတယ်။
ပုံစာ – ရန်ကုန်မြို့က ကားပွဲစားတန်းတစ်ခု
Photo – Ko Toe
#Dailynews

