ဘုတလင်-၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကွမ်းခြံရွာကို မနေ့မနက်ပိုင်းက စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲဖို့ ကင်းစောင့်ခဲ့တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး စစ်ကြောင်းနဲ့ထိပ်တိုက်တိုးလို့ အသတ်ခံခဲ့ရတယ်လို့ ဘုတလင်ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“သူကမိုင်းခွဲဖို့ ကင်းစောင့်နေတာ။ အဲဒီအချိန်ခွေးတွေနဲ့တိုးတာ၊ ခွေးတွေက မင်းဘယ်အဖွဲ့ကတုန်းနဲ့မေးချိန် သူကထွက်ပြေးတာ။ ပြေးတဲ့အချိန် (စစ်ကောင်စီတပ်တွေက) နှစ်ဖက်ညှပ်ပြီးပစ်တာ။ ဗိုလ်မုတ်ဆိတ်အဖွဲ့ထဲကလို့ကြားတယ်။ သူတစ်ယောက်ပဲကျတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျဆုံးသွားတဲ့ရဲဘော်နဲ့ပက်သက်ပြီး ဖြစ်စဉ်အသေးစိတ်သိရဖို့ ဗိုလ်မုတ်ဆိတ်အဖွဲ့ကို မော်ကွန်းအနေနဲ့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ကွမ်းခြံရွာကို စီးနင်းခဲ့တဲ့စစ်ကြောင်းဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်အားငါးဆယ်ဝန်းကျင်ရှိပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကြောင်းပြန်ဆုတ်သွားလို့ ဒေသခံတွေလည်း ရွာပြန်လို့ရပြီလို့ ဆိုကြပါတယ်။
“မနေ့ကတော့ သုံးဆယ်လောက်ဖမ်းခံရပြီး စာသင်ကျောင်းထဲခေါ်စစ်တာ။ သူတို့စစ်ကြောင်းပြန်ထွက်တော့ အကုန်ပြန်လွတ်တယ်။ ရွာတော့မီးရှို့မခံရဘူး” လို့ ဘုတလင်ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကွမ်းခြံရွာကို တိုက်ပွဲမရှိဘဲ စီးနင်းခဲ့တာကြောင့် ကွမ်းခြံရွာအပါအဝင် ညောင်ကုန်း၊ အင်းတော၊ ထန်းတော၊ နှုံးတန်း၊ စလွန်းစတဲ့ရွာတွေက ဒေသခံ ငါးရာဝန်းကျင် မနေ့က ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလ ဒုတိယပတ်ကစလို့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဆားလင်းကြီး၊ ဒီပဲယင်း၊ ခင်ဦးစတဲ့ မြို့နယ်တွေအတွင်းက ရွာတွေကိုလည်း လက်နက်ကြီးငယ်ပစ်ခတ်စီးနင်းနေသလို မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်က ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးလို့ အသတ်ခံခဲ့ရတဲ့ ရဲဘော်တစ်ဦး။
Photo – Supplied

