ကော့ကရိတ် – ၂၀၂၃ ဇွန် ၇ (မော်ကွန်း)
ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေထဲကို ဒီကနေ့ ကော့ကရိတ်မြို့အခြေစိုက် လှိုင်ဝအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း တပ်မဟာ ၆ က သတင်းထုတ်ပြန်ပါတယ်။
လှိုင်ဝအမြောက်တပ်ကနေ ၁၂၀ မမ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ဒီကနေ့နံနက် ၉း၃၀ ဝန်းကျင်မှာပစ်ခတ်ခဲ့လို့ သားအမိသုံးဦးကိုကျည်စထိမှန်ပြီး သားဖြစ်သူအသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အသက်မသေဆုံးဘဲကျန်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်မိခင်နဲ့နဲ့ လေးနှစ်သမီးတို့ဟာလည်း လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာတွေရရှိသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ မနေ့ကနောက်ဆုံးထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးမှာ သေဆုံးရတဲ့ ကလေးသူငယ်ဟာ အနည်းဆုံး ၄၀၀ နီးပါးရှိနေပါတယ်။
ကော့ကရိတ်မြို့ပေါ်မှာရှိနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးကုန်းတွေကနေ မြို့တောင်ပိုင်းမှာရှိတဲ့ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလိုပစ်ခတ်လာတာ အာဏာသိမ်းပြီးကတည်းဖြစ်ပါတယ်။
ကေအဲန်ယူနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတော့ ကော့ကရိတ်မြို့ပေါ်ကလွဲရင် နေရာအတော်များများကို ထိန်းချုပ်ထားပါတယ်။
ပုံစာ – ယနေ့ အာဏာသိမ်းစစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့်ကလေးငယ်နှင့်ထိခိုက်ဒဏ်ရာရရှိသူများ
ဓါတ်ပုံ – ဒူးပလာယာခရိုင်၊ ကေအဲန်ယူ
#Dailynews

