ပုဂ္ဂလိကဘဏ်တွေ ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ဒေါ်လာရောင်းပေးမယ်

ပုဂ္ဂလိကဘဏ်တွေ ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ဒေါ်လာရောင်းပေးမယ်

ရန်ကုန်၊ ၂၀၂၃ ဇွန် ၇ (မော်ကွန်း)

ပြည်ပကိုသွားရောက်မယ့်သူတွေကို ပုဂ္ဂလိကဘဏ်တွေက ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ဒေါ်လာ ၃၀၀ ကနေ ၅၀၀ အတွင်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ အဆိုပါဘဏ်တွေဆီကစုံစမ်းသိရပါတယ်။

ပြည်ပကိုအလုပ်အကိုင်သွားလုပ်ကိုင်မယ့်သူတွေ၊ ဆေးကုသမှုခံယူမယ့်သူတွေ၊ ပညာတော်သင်သွားရောက်မယ့်သူတွေအတွက် အသေးသုံးငွေကြေးအဖြစ် တစ်ဦးလျှင် ဒေါ်လာ ၃၀၀ ကနေ ၅၀၀ ရောင်းချပေးမယ်လို့ ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ AYA ၊ AGD ၊ YOMA အစရှိတဲ့ ဘဏ်တွေက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဝယ်ယူမယ့်သူတွေဟာ ဘာအတွက်ဝယ်ယူချင်တာလဲဆိုတဲ့ အထောက်အထားစာရွက်စာတမ်းတွေနဲ့တကွ ဘဏ်ကိုလာရောက်ပြသကာ ဝယ်ယူရမှာဖြစ်တယ်လို့ AGD ဘဏ်တာဝန်ရှိသူတစ်ဦးက မော်ကွန်းရဲ့စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

AGD ဘဏ် တာဝန်ရှိသူက “နိုင်ငံခြားသွားမယ်ဆို ကိုယ်သွားမှာနဲ့ပတ်သက်လို့ အထောက်အထား စာရွက်စာတမ်းတွေ အကုန်ပြနိုင်ရမယ်၊ ဆေးသွားကုမယ်ဆိုလည်း ဆေးသွားကုတာနဲ့ ပတ်သက်တဲ့အထောက်အထား အကုန်ပြရမယ်။ ပြီးရင်တော့ ၃၀၀ တော့ ဝယ်ယူလို့ရတယ်။ နှုန်းထားကတော့ အဲဒီနေ့ရဲ့ Market ပေါက်ဈေးအတိုင်းပါ” လို့ ပြောပါတယ်။

ပြည်ပကို အလုပ်အကိုင်နဲ့ သွားရောက်မယ့်သူတွေဟာ နေထိုင်ခွင့်ပါမစ်ကတ် (Passport of Job -PJ) (သို့မဟုတ်) ပြည်ပအလုပ်သမား စိစစ်ရေးကတ်ပြား (Oversea Worker Identification Card – OWIC) တို့နဲ့ လာရောက်ဝယ်ယူရမှာဖြစ်တယ်လို့ ဘဏ်တွေကထုတ်ပြန်ထားပါတယ်။

အလားတူပဲ ပညာတော်သင်ထွက်ခွာမယ့်သူတွေဟာ ပြည်ပကိုကျောင်းတက်ရောက်ခွင့် ပတ်စ်ပို့ (Passport of Education -PE) (သို့မဟုတ်) တက်ရောက်မယ့်ကျောင်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ဝယ်ယူရမှာဖြစ်ပြီး ဆေးကုသမှုခံယူဖို့ထွက်ခွာလိုသူတွေဟာ ဆေးကုသမှုဆိုင်ရာ အထောက်အထားစာရွက်စာတမ်းတွေ ပြသပြီး ဝယ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေကို အခုလို ပြင်ပပေါက်ဈေးတွေနဲ့ ဒေါ်လာအရောင်းအဝယ်ပြုလုပ်နိုင်အောင် စစ်ကောင်စီက နားလည်မှုနဲ့ခွင့်ပြုပေးထားတယ်လို့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။

“အခု ငွေလဲကောင်တာတွေမှာ အပြင်ဈေးကွက်ပေါက်ဈေးနဲ့ပဲ အရောင်းအဝယ်ကို နားလည်မှုနဲ့ပဲ ရောင်းခွင့်ပေးထားပုံရတယ်။ ဗဟိုဘဏ်က ဒေါ်လာတွေထုတ်ရောင်းပေးမယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ ငွေလဲကောင်တာတွေ အရောင်းအဝယ်တွေ ပြန်ဖွင့်လာတယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ဗဟိုဘဏ်က တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်အဖြစ် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို ၂,၉၀၀ ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။
Photo – Mawkun


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."