ရန်ကုန်-၂၀၂၃ ဇွန် ၆ (မော်ကွန်း)
ဒီလစကတည်းက ဆန်ဈေးနှုန်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ ဆန်ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
” ရွှေဘိုပေါ်ဆန်းက ကျွန်တော်တို့ပွဲရုံအဝင်ဈေးမှာကို တစ်အိတ်ကို(ကျပ်)တစ်သိန်း ဖြစ်သွားတယ်။ နေရာဒေသအလိုက် စရိတ်စကတွေနဲ့ တွက်ကြည့်လိုက်ရင် တစ်သိန်းတစ်သောင်းကျော်၊ နှစ်သောင်းလောက်ထိဖြစ်လာပြီ” လို့ ရွှေဘိုမြို့နယ်က ဆန်ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ရွှေဘိုပေါ်ဆန်းဈေးနှုန်းဟာ မေလကုန်ပိုင်းတုန်းက တစ်အိတ်ကို ကိုးသောင်းဝန်းကျင်ပဲရှိတယ်လို့ သူကပြောတယ်။
ဒါအပြင် ရက် ၉၀ ဆန် (ဆန်ကြမ်း) တစ်အိတ်ကို မေလကုန်ပိုင်းက ကျပ်ခြောက်သောင်းဝန်းကျင်ရှိရာက ဒီလဆန်းပိုင်းမှာ ခုနှစ်သောင်းနှစ်ထောင်ထိမြင့်တက်နေပြီး သီးထပ်ဆန်တစ်အိတ်ကို ကျပ်ငါးသောင်းဝန်းကျင်ရှိရာကနေ ခြောက်သောင်းခွဲဝန်းကျင်ထိ မြင့်တက်ခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဆန်ဈေးကွက်အတွင်း စပါးသိုလှောင်သူ များပြားနေသလို ဝယ်လိုအားမြင့်တက်နေပြီး စပါးဈေးကောင်းနေတဲ့အတွက် ဆန်ဈေးလည်းမြင့်တက်လာတာဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
“ စပါးဈေးက အခုကကောင်းလာနေတယ်။ စပါးဈေးကောင်းတော့ ကုန်သည်တွေက ဝယ်ပြီးလှောင်ထားသူတွေများနေတယ်။ သူတို့က ဈေးစောင့်ပြီး ဈေးကောင်းရမှရောင်းမလို့ လှောင်ထားကြတာပေါ့။
ဝယ်လိုအားများပေမယ့် ဆန်အထွက်နှုန်းကတော့ နည်းသွားတယ်။ ရခိုင်ဘက်မှာ စပါးစိုက်ခင်းတွေ ပျက်တာရှိတယ်။ ရွှေဘိုတို့၊ စစ်ကိုင်းတို့က စစ်တွေဖြစ်နေလို့ စပါးမထွက်တာ ရှိတယ်။ အဲဒီကြားထဲ အထွေထွေကုန်ကျစရိတ်ကလည်း မြင့်တက်နေတော့ ဆန်တွေလည်း ဈေးကလိုက်တက်လာတာပေါ့” လို့ ပုသိမ်မြို့နယ်က ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့က လက်လီဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ်တစ်သိန်းသုံးသောင်းဝန်းကျင်အထိ ဖြစ်နေတယ်လို့ မြောက်ဥက္ကလာပမြို့နယ်က ဆန်နဲ့ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောပါတယ်။
“ နေရာဒေသအလိုက် သယ်ယူစရိတ်တွေနဲ့ ဈေးက မတူဘူး။ ဥပမာ အရင်က ကိုးသောင်းနဲ့ ဝယ်တဲ့ဆန်တစ်အိတ် နောက်တစ်ပတ်ကျ တစ်သိန်းဖြစ်သွားတယ်။ ကိုးသောင်းတုန်းကတော့ တစ်သိန်းနှစ်သောင်းရောင်းတယ်။ တစ်သိန်း ဖြစ်သွားတော့ အခုတစ်သိန်းသုံးသောင်းလောက် ရောင်းနေရတယ်။ ဈေးထက်တက်တော့ ကျွန်တော်တို့အတွက် အရင်းအနှီးကလည်း ထပ်ပြီး တက်နေတော့ ရောင်းတဲ့သူတွေလည်း အဆင်မပြေ၊ ဝယ်တဲ့သူတွေလည်း အဆင်မပြေပါဘူး” လို့ သူက ရှင်းပြပါတယ်။
ဆန်စပါးဈေးမြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် ဆန်အိတ်တစ်ထောင်နဲ့အထက် သိုလှောင်ထားပါက လိုင်စင်ပြုလုပ်ရမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့မေလပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ပုသိမ်မြို့က ဆန်ဂိုဒေါင်တစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ – ကိုစိုးဝင်း
#Dailynews

