စဉ့်ကူး – ၂၀၂၃ ဇွန် ၅ (မော်ကွန်း)
ပြီးခဲ့တဲ့ မေလကုန်ပိုင်းက မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာတချို့ကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့ပြီး ရွာကိုမီးငြှိမ်းသတ်ဖို့ပြန်သွားတဲ့သူတွေကိုပါ သတ်ဖြတ်ခဲ့ကာ မနေ့ကတော့ အသတ်ခံရသူတွေရဲ့ အရိုးတွေနဲ့အလောင်းတွေကို တွေ့ရှိရပြီဖြစ်ကြောင်း Bo Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။
မနေ့ညနေပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှင်းလင်းရေးဝင်တဲ့အချိန်မှာ မီးငြှိမ်းသတ်ဖို့ပြန်သွားခဲ့တဲ့ ပြည်သူ ခုနစ်ဦးရဲ့အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးကပြောပါတယ်။
ကြက်တူရွေးရွာက နေအိမ်မှာပစ္စည်းပြန်ယူဖို့သွားတဲ့ဇနီးမောင်နှံနဲ့ အခြားအမျိုးသားတစ်ဦးရဲ့အလောင်းကို မီးရှို့ခံထားရတာတွေ့ခဲ့ရပြီး သဲအင်းရွာမှာလည်း အမျိုးသားအလောင်း လေးလောင်းကို တွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးကပြောပါတယ်။
” သူတို့က တစ်ရက်နေ့(၂၀၂၃ ဇွန်)က စစ်ကြောင်းပြန်ထွက်သွားတယ်၊ မနေ့ကမှရှင်းလင်းရေးဝင်နိုင်တာ၊ သဲအင်းမှာလေးလောင်း၊ တစ်လောင်းက အိမ်သာမှာတွေ့တာ၊ ကျန်သုံးလောင်းကရွာထဲမှာမီးရှို့ခံထားရတယ်”လို့ဗိုလ်ကျားကြီးကပြောပါတယ်။
စဥ့်ကူးမြို့နယ် ကြက်တူရွေးရွာနဲ့သဲအင်းရွာတွေကို အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် မေလ ၂၇ရက်က နေအိမ်မီးငြှိမ်းဖို့သွားတဲ့ ပြည်သူ ခုနစ်ဦး အဆက်သွယ်ပြတ်တောက်ခဲ့တာပါ။
ပုံစာ – ဗိုလ်ကျားကြီးအဖွဲ့တွေ့ခဲ့ရတဲ့ ပျောက်ဆုံးသူတွေရဲ့ မီးရှို့ခံထားရတဲ့အရိုးတွေနဲ့ မီးရှို့ခံထားရတဲ့နေအိမ်များ။
ဓါတ်ပုံ – ဗိုလ်ကျားကြီးအဖွဲ့
#Dailynews

