ကျိုင်းတုံ – ၂၀၂၃ ဇွန် ၂ (မော်ကွန်း)
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဆောင်တာဟာ နွေဦး တော်လှန်ရေးအပေါ် ထိခိုက်မှုရှိနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
“ နွေဦးတော်လှန်ရေးမှာ ဒီလိုအင်အားတစ်စုံတစ်ရာရှိတဲ့ လက်နက်ကိုင်တွေမပါဝင်လာဘဲနဲ့ ကြားနေမယ်ဆိုရင် တစ်နှစ်တိုက်ရမယ့်ဟာက သုံးနှစ်လောက်ဆက်ကြာသွားနိုင်တဲ့အတွက် နွေဦးတော်လှန်ရေးကို အကြီးအကျယ် နောက်ဆုတ်သွားစေတဲ့ အစီအစဉ်နဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ၊ တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ဟာ ဇွန် ၁ ရက်ကစပြီး မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တွေ့ဆုံဆွေးနွေးနေကြတာပါ။
အဲဒီဆွေးနွေးပွဲမှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက သူတို့အဖွဲ့တွေကို စစ်ကောင်စီက မတရားအသင်းအဖြစ် ကြေညာထားတာကို ပြန်ရုတ်သိမ်းဖို့၊ စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကိုပြန်လွှတ်ပေးဖို့ စတဲ့ အချက်တွေကိုဆွေးနွေးခဲ့တယ်လို့ သုံးရက်ကြာကျင်းပမယ့်အစည်းအဝေး ပထမနေ့အပြီး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်ခဲ့ပြီး ပါတီစုံစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့တယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း (သီပေါ) ကတော့ စစ်ကောင်စီဘက်က မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ၊ PDF တပ်ဖွဲ့တွေကြား ကူညီထောက်ပံ့နေမှုကို ဖြတ်တောက်ဖို့ ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒီအဖွဲ့တွေဟာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းပေးတာ၊ ကူညီထောက်ပံ့မှုတွေ ရှိသလို အတူပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေလည်း ရှိနေတာပါ။
“ ကျွန်တော်တို့ ခန့်မှန်းတာကတော့ နစက အနေနဲ့ကတော့ NUG/PDF တပ်ဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ ကူညီထောက်ပံ့မှုတွေကိုဖြတ်တောက်ဖို့ ပြောမယ်လို့ထင်တယ် ။ အဲဒီ တောင်းဆိုချက်တွေကို နှစ်ဖက် အပေးအယူ လုပ်လာကြနိုင်တယ်” လို့ ဦးရဲထွန်း (သီပေါ) က ပြောပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား ဆွေးနွေးပွဲဟာ ဇွန်လ ၁ ရက်ကနေ ၃ ရက်အထိ ဆွေးနွေးမှာဖြစ်ပြီး စစ်ကောင်စီဖက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ( ငြိမ်း ) ခင်ဇော်ဦးနဲ့ စစ်တိုင်းမှူးအချို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီဆွေးနွေးပွဲကို တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ယူနန်ပြည်နယ်က တရုတ်အထူးကိုယ်စားလှယ်လည်း အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
ပုံစာ – ဇွန်လ ၁ ရက်က မိုင်းလားမြို့မှာ ဆွေးနွေးပွဲ စတင်ပြုလုပ်နေပုံ
ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး VK
#Dailynews

