ကရင်နီ − ၂၀၂၃ မေ ၃၁ (မော်ကွန်း)
စစ်အာဏာရှင်တော်လှန်ရေး နှစ်နှစ်ကာလအတွင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲဘော် ၁၅၀ ကျော်ကျဆုံးခဲ့ပြီဖြစ်ကြောင်း ဒီကနေ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက သတင်းထုတ်ပြန်ပါတယ်။
KNDF တည်ထောင်ခြင်း နှစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဒီအချက်အလက်ကို ထည့်သွင်းကြေညာထားတာပါ။
KNDF ဟာ ကရင်နီတစ်ပြည်လုံးမှာ တပ်ရင်း ၂၂ ရင်းနဲ့ စစ်ဗျူဟာ ခြောက်ခုရှိပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးလမ်းညွှန်ဦးဆောင်မှုအောက်မှာ ရှိနေတာပါ။
နှစ်နှစ်တာကာလအတွင်း ရဲဘော် ၁၅၀ ကျော်ကျဆုံးခဲ့ပြီး ကိုယ်အင်္ဂါဆုံးရှုံးရသူ ရဲဘော် ၇၅ ဦးရှိကာ ရန်သူအာဏာသိမ်းစစ်တပ်ဘက်က ၁,၀၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
KNDF ဟာ စစ်ဘက်ဆိုင်ရာဥပဒေကိုလည်း ရေးဆွဲအတည်ပြုထားပြီး အမိန့်ပေးစနစ်တွေနဲ့ဌာနတွေကို တည်ဆောက်ကာ စုပေါင်းခေါင်းဆောင်မှုနဲ့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ကျဆုံးသွားတဲ့ရဲဘော်တွေကို တိုင်တည်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ပါတယ်။
ပုံစာ − ဒီမောဆိုမြို့အရှေ့ဘက်ခြမ်းရှိ တနီးလာလဲကျေးရွာအနီးမေလ(၁၉)ရက်ကဖြစ်ပွါးခဲ့သောတိုက်ပွဲတွင် ကျဆုံးသွားသော KNDF တပ်ရင်းအမှတ်(၇)မှ ရဲဘော်ဘဲနဒစ်(အောင်အောင်) ၏ နာရေး
ဓါတ်ပုံ − KNDF တပ်ရင်းအမှတ်(၇)
#Dailynews

