ရန်ကုန်-၂၀၂၃ မေ ၁၉ (မော်ကွန်း)
မုန်တိုင်းမဝင်ခင်က တစ်ပိဿာ ၇,၅၀၀ ကျပ်ပေးရတဲ့ သံမှို(သွပ်ရိုက်သံ)ကို တစ်ပိဿာ ၈၀,၀၀၀ ကျပ်အထိပေးဝယ်နေရပြီး ပစ္စည်းတွေပါပြတ်နေတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်တိုင်းဒဏ်ခံမြို့နယ်တစ်ခုဖြစ်တဲ့ မြောက်ဦးဒေသခံတွေကပြောပါတယ်။
“ပစ္စည်းတွေအကုန်လုံးပြတ်နေပြီ။ ဈေးတွေလည်းအခုထိတက်နေတုန်းပဲ။ သံမှိုတစ်ပိဿာ ဝယ်လို့ရလိုက်တယ်။ ရှစ်သောင်းထိပေးရတယ်” လို့ မြောက်ဦးမြို့ခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
ဈေးကြီး၊ ပစ္စည်းပြတ်တာကြောင့် နေအိမ်တွေပြုပြင်ဖို့ အခက်ကြုံနေရတယ်လို့ သူကဆိုပါတယ်။
မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့နေအိမ်တွေကို ပြုပြင်တည်ဆောက်တဲ့အခါမှာ အဓိကအသုံးလိုတဲ့ သွပ်၊ သံမှို၊ ဝါးနဲ့ ဓနိတွေဟာ မြို့ပေါ်မှာဝယ်လို့ မရလောက်တဲ့အထိပြတ်လပ်နေပြီး ဈေးနှုန်းအဆမတန်မြင့်မားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆန်ဆိုရင်လည်း တစ်အိတ်ကို ၃၀,၀၀၀ ကျပ် ဝန်းကျင်လောက်ထိဈေးမြင့်နေပြီး အခြားမီးဖိုချောင်သုံးပစ္စည်းတွေလည်း ဈေးတက်နေတယ်လို့ ပြောပြကြတယ်။
မုန်တိုင်းတိုက်ခတ်အပြီး ငါးရက်ကြာတဲ့အထိ ကုန်ဈေးနှုန်းတွေမကျသေးတဲ့အပေါ် တာဝန်ရှိတဲ့ အာဏာပိုင်တွေက ထိန်းညှိပေးတာမျိုး ဆောင်ရွက်ပေးစေချင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီဘက်က ကုန်ဈေးနှုန်းတွေမတက်ကြဖို့ တောင်းဆိုထားပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေဟာပစ္စည်းတွေကို သိမ်းထားပြီးဈေးကစားနေကြတာလို့ ဒေသခံတွေကစွပ်စွဲပါတယ်။
မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် လူပေါင်း ၁၄၅ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပြီး NUG အစိုးရကတော့ ၄၅၅ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့မြောက်ဦးမြို့နယ်ရှိအဆောက်အဦတစ်ခု
Photo – K Mg San
#Dailynews

