စစ်ကိုင်းတိုင်း − ၂၀၂၃ မေ ၁၅ (မော်ကွန်း)
မိုခါဆိုင်ကလုန်းရဲ့ လေပြင်းတိုက်၊ မိုးရွာသွန်းမှုနဲ့ မြောက်ယမားဆည်လက်တံကျိုးလို့ ယင်းမာပင်၊ ဆားလင်းကြီးနယ်မှာ ရေလွှမ်းခံရတဲ့ ဒီကနေ့မြင်ကွင်းတွေပါ။
“ဆည်လက်တံကျိုးတာရော၊ မိုးကြီးတာရော ရေတအားများတော့ အတော်ကို အလွတ်ရုန်းရတာ၊ ဆုံးရှုံးမှုကတော့ အများသားပါ”လို့ ယင်းမာပင်ဒေသခံတစ်ဦးကပြောပါတယ်။
နေအိမ်တွေ၊ မီးဖိုချောင်တွေရေထဲမျောပါကုန်သလို စာသင်ကျောင်း အုတ်တံတိုင်း၊ နေအိမ်ဝန်းထရံတွေလည်း ပျက်စီးကုန်ပါတယ်။
ယင်းမာပင်ခရိုင်ထဲက လမ်းတွေဆိုလည်း ရေတိုက်စားလို့ ပျက်စီးကုန်ပြီး ရွာချင်းဆက်လမ်းတွေ၊ တံတားတွေလည်း ရေထဲမျောပါကုန်တယ်လို့ ဒေသခံကပြောပါတယ်။
ဒေသခံတွေရဲ့ လယ်ယာစိုက်ခင်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ သိုး၊ ဆိတ်၊ နွား၊ ကြက်၊ ဝက်တွေလည်း သေကြေပျောက်ဆုံးကုန်ပြီး လယ်ယာသုံးစက်ပစ္စည်းပါ ရေမြုပ်ကုန်ပါတယ်။
ဒီကနေ့ ညနေ ၅း၀၀နာရီထိ ရေတွေမကျသေးဘဲ နေအိမ်တွေဆီပြန်လို့မရသေးကြောင်း ဒေသခံကပြောပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးက ရွာပေါင်း ၁၃ ရွာလောက် ဘေးလွတ်ရာကိုရှောင်တိမ်းနေရတာကြောင့် ကျန်းမာရေးနဲ့ စားသောက်ရေးကိစ္စတွေ အကူအညီလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေဆီကသိရပါတယ်။
ပုံစာ − ယနေ့ ယင်းမာပင်ရေဖုံးလွှမ်းမှုအခြေအနေ
ဓါတ်ပုံ − Mawkun Magazine
#Dailynews

