ကျောက်ကြီး − ၂၀၂၃ မေ ၁၅ (မော်ကွန်း)
မနေ့က ကော်သူးလေ တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းအုပ်စုကို အာဏာသိမ်းစစ်တပ်ဝင်ရောက်လာပြီး ရွာသားတွေကိုဖမ်းဆီးသွားရာမှာ ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဌရဲ့ ညီနဲ့တူဖြစ်သူတို့ပါ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်သွားကြောင်း ကေအဲန်ယူဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မော်ကွန်းကိုပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကေအဲန်ယူဒုဥက္ကဌ စောဆဲဂေရဲ့ ဖခင်နဲ့ညီဖြစ်သူလို့ သတင်းတွေထွက်နေပေမယ့် “မနေ့က ကျွန်တော်လှမ်းဆက်သွယ်ကြည့်တဲ့အခါမှာ သူတို့က အဖေနဲ့သားမဟုတ်ဘဲ ညီဖြစ်သူနဲ့သားဖြစ်သူလို့သိရတယ်၊ ပြန်လွတ်သွားပြီလို့သိရတယ်”လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
မနေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းအုပ်စုမှာ မုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခတ်နေချိန် အာဏာသိမ်းစစ်တပ်က ဝင်ရောက်လာတာဖြစ်ပြီး ရွာသားတွေကိုဖမ်းဆီးခဲ့တာပါ။
ကေအဲန်ယူ ဒုဥက္ကဌရဲ့ ညီနဲ့တူဖြစ်လို့ သိသိနဲ့ဖမ်းတဲ့ပုံစံမဟုတ်ဘဲ ရွာသားတွေကိုဖမ်းဆီးရင်းပါသွားတာမျိုးလို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
ပဒိုစောဆဲဂေဟာ ယခင်က ကေအဲန်ယူတပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်ဥက္ကဌဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကေအဲန်ယူဗဟို ကွန်ဂရက်မှာတော့ ဒုဥက္ကဌဖြစ်လာပြီး ကာကွယ်ရေးဌာနကိုပါ ပူးတွဲကိုင်တွယ်ရမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကေအဲန်ယူတပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ကျောက်ကြီး၊ ပဲနွယ်ကုန်း၊ နတ်သံကွင်းလမ်းပေါ်မှာ စစ်အင်အားတွေတိုးချဲ့ထားပြီး တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေဆဲပါ။
ပြီးခဲ့တဲ့ မေ ၁၀ ရက်ကလည်း ကေအဲန်ယူတပ်မဟာ ၃ ညောင်လေးပင်ခရိုင်က ညောင်ပင်သာရွာမှာ အသက် ခုနစ်နှစ်အောက်ကလေးငယ် သုံးဦးအပါအဝင် ဒေသခံ ၂၀ ဦးကို အာဏာသိမ်းစစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားခဲ့ပြီး အဲဒီအထဲကအမျိုးသားတစ်ဦးဟာ စအိုကို တုတ်နဲ့အထိုးခံရကာ အသတ်ခံခဲ့ရတယ်လို့ ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ − ကေအဲန်ယူဒုဥက္ကဌ ပဒိုစောဆဲဂေ
ဓါတ်ပုံ − KNU HQ
#Dailynews

