ရန်ကုန်၊ ၂၀၂၃ မေ ၁၁ (မော်ကွန်း)
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဟာ လာမယ့် မေလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်ဖွယ်ရှိပြီး ရခိုင်ကမ်းရိုးတမ်းတစ်ခုလုံး မုန်တိုင်းအန္တရာယ် စိုးရိမ်ရမယ့်အခြေအနေဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
လက်ရှိမှာ မိုးလေဝသဌာနရဲ့ခန့်မှန်းချက်တွေအရ အဆိုပါမုန်တိုင်းဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ မြောက်ဘက်ကနေ ကမ်းရိုးတမ်းတစ်လျှောက် ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတမ်းတစ်ခုလုံးမှာ မုန်တိုင်းမဖြတ်ခင် တိုက်ခတ်မယ့် လေပြင်းတိုက်ခတ်မှုတွေနဲ့ မုန်တိုင်းကြောင့်ဖြစ်ပေါ်လာမယ့် ဆူနာမီလှိုင်းကဲ့သို့ ဒီရေမြင့်တက်မှုတွေ ရှိလာနိုင်ပြီး စိုးရိမ်ရမယ့်အခြေအနေဖြစ်တယ်လို့ မိုး/ဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက မော်ကွန်းကို ပြောပါတယ်။
“ရခိုင်ကမ်းရိုးတမ်းတစ်ခုလုံးပေါ့ မုန်တိုင်းမဖြတ်ခင် နာရီပိုင်းအလိုမှာ လေပြင်းတိုက်ခတ်မှု ခံရမယ်။
နောက်ပြီးတော့ မုန်တိုင်းဒီရေပေါ့၊ မုန်တိုင်းက လေတွေက ပင်လယ်ထဲကရေတွေကို ဆွဲတင်လာတဲ့အခါ ကုန်းမြေပေါ်မှာ ရုတ်တရတ် ပင်လယ်ကရေတွေဝင်တာပေါ့နော်၊ ကျွန်တော်တို့ကတော့ မုန်တိုင်းဒီရေလှိုင်းလို့ ခေါ်တာပေါ့၊ ဆူနာမီလိုပဲ ဆူနာမီလောက်တော့ အားမကောင်းပေမယ့် သူကလည်း ဆူနာမီအသေးစားမျိုးလောက်တော့ အားကောင်းတတ်တယ်။” လို့ သူက ပြောပါတယ်။
ဒါ့အပြင် အဆိုပါ မုန်တိုင်းကြောင့် စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နဲ့ မောင်တောခရိုင်တို့မှာရှိတဲ့ မြစ်ချောင်းတွေ၊ မြစ်လက်တက်တွေမှာ မြစ်ရေမြင့်တက်လာနိုင်ပြီး မြစ်ရေမြင့်တက်မှုဟာ ၁၀ ပေကနေ ၁၄ ပေ ခန့်ထိ ရှိနိုင်တယ်လို့ သူက ဆက်လက်ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression) ဟာ ဒီနေ့ မေလ ၁၁ ရက်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) အဖြစ်ကို စတင်ရောက်ရှိခဲ့ပြီး မုန်တိုင်းအခြေအနေ လိမ္မော်ရောင်အဆင့်အဖြစ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး မုန်တိုင်းသတိပေးချက်တွေ၊ လမ်းညွှန်ချက်တွေကို လုပ်ဆောင်နေတယ်လို့ ကျောက်ဖြူမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရွာတွေကော၊ မြို့ပေါ်တွေမှာပါ မုန်တိုင်းသတိပေးချက် စာစောင်တွေ ဖြန့်တာ၊ နီးစပ်ရာ မုန်တိုင်းခိုလှုံရာနေရာတွေအတွက် ကြိုပြင်ဆင်တာတွေရှိပါတယ်။ အရေးပေါ် ရွှေ့ပြောင်းဖို့လိုတဲ့ သူတွေ၊ နေရာအချို့မှာလည်း ရွှေ့ပြောင်းမှုတွေရှိနေပါပြီ။ ဘုန်းကြီးကျောင်းတွေ၊ ကုန်းမြင့်ပေါ်တွေ၊ မုန်တိုင်းဒဏ်ခံအဆောက်အဦတွေကို ကြိုပြင်ဆင်တာတွေလည်း လုပ်ဆောင်နေပါပြီ” လို့ သူက ပြောပါတယ်။
အဲ့ဒီဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ရေမိုင် ၆၁၅ မိုင်အကွာအဝေးကို ရောက်ရှိနေပြီး လာမယ့် မေလ ၁၄ ရက် မနက်ပိုင်းမှာ ရခိုင်ကမ်းရိုးတမ်းကို စတင်ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ရခိုင်ကမ်းရိုးတမ်းကို ဖြတ်ကျော်စဉ်မှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၉၀ ကနေ ၁၀၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်” (Global Disaster Alert and Coordination SYSTEM) ကလည်း ဆိုင်ကလုန်းမိုခါနဲ့ ပတ်သက်လို့ အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မုန်တိုင်းကြောင့် ဒေသတွင်းလူဦးရေ နှစ်သန်းခန့် ထိခိုက်မှုရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
#Dailynews

